ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

0
330

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ – ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ အောက်တိုဘာ (၉)ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စေတီတော် ဩဝါဒစရိယ ဆရာတော်များ၏ လမ်းညွှန်မှုကိုခံယူပြီး စေတီတော် ဂေါပကအဖွဲအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲစည်းရွေးချယ်စေရေး၊ တောင်တက် မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိစေရေး၊ တောင်တက် လမ်းတစ်လျောက် သစ်ပင်ခြုံနွယ် ပိတ်‌ပေါင်းများ ရှင်းလင်းစေရေး၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ မိလ္လာနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်‌စေရေး၊ smoking free zone ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်းပူး‌ပေါင်း အကြံပြုဆွေးနွေးစေလို‌ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းက ဘုရားဖူးလာပြည်သူများ လုံခြုံစိတ်ချအေးချမ်းသာယာစွာ ဖူးမြော်နိင်ရေး၊ တောင်တက်မော်တော်ယာဉ်များ စနစ်တကျသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်စေရေး ​ဆွေး​နွေးသည်။

ဘုရားပွဲတော်ရာသီတွင် ဈေးဆိုင်ခန်းများ၊ အခြားလုပ်ငန်းများမှ ဘုရားအလှူငွေများ ပေးသွင်းခြင်းနှင့် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တောင်တက်ကားလမ်းအသုံးပြုခြင်းအတွက် လမ်းကြေးနှင့် ဂိတ်ကြေးများ ပေးသွင်းနိုင်ရေး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် အနီးကပ်ကြီးကြပ်မှုကော်မတီဝင်များမှ လိုအပ်ချက်များကို ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ၊ ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း (ကျိုက်ထီးရိုး စေတီတော်အနီးကပ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ)မှ ဆွေးနွေးခဲ့သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂ဝ၂၄ ခုနှစ် ဘုရားပွဲတော်ကို လာမည့် အောက်တိုဘာ (၂၉) ရက် သီတင်းကျွတ် လပြည့်နေ့မှစတင်ကာ ကဆုန်လပြည့်နေ့အထိ ပွဲတော်ကာလ ခုနစ်လတာ ကြာမြင့်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခရီးသွားပြည်သူများ စိတ်ချလုံခြုံစွာဖြင့် လာရောက် ဖူးမြှော်နိုင်ရေး လုပ်ဆောင်နေကြောင်း ဘုရားဂေါပကအဖွဲ့မှ ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here