တရားမဝင်ကုန်သွယ်မှုများ မရှိစေရန် သွင်းကုန်အပြင် ပို့ကုန်ပိုင်းကိုပါ စေ့စေ့စပ်စပ်ဖော်ထုတ်ဖမ်းဆီးရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
279

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ (၉) ရက်မွန်းလွဲ (၂) နာရီက ကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃)သို့ တက်ရောက်၍ အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အမှုတွဲ (၆၁၁)မှု ၊ တန်ဖိုးငွေ ကျပ်သန်း (၁၀၄၄၅ ဒသမ ၇၄၂)ကို ဖမ်းဆီးနိုင်ခဲ့ကာ ဩဂုတ်လတွင်လည်း အမှုတွဲ(၅၄၀)၊ တန်ဖိုးငွေကျပ်သန်း (၁၂၄၃၄ ဒသမ ၂၄၄)ဖမ်းဆီးရရှိခဲ့သည်ဟု ပြောသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း ကာလတူဖြစ်သည့် ဇူလိုင်လနှင့်ဩဂုတ်လ နှိုင်းယှဉ်ပါက ယခင်နှစ်ဇူလိုင်လတွင် အမှုတွဲ (၃၆၉)မှု၊ တန်ဖိုးငွေကျပ် (၆၁၀ ဒသမ ၃၈၈) သန်းနှင့် ဩဂုတ်လတွင် (၄၈၀)မှု၊ ခန့်မှန်းငွေကျပ်(၇၀၀၂၆၁၃)သန်းဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“ဒီနှစ်က အရင်နှစ်ထက် ဖမ်းဆီးအမှုတွဲနဲ့ ဖမ်းဆီးရမိတန်ဖိုးပိုမိုဆောင်ရွက်နိုင်ခဲ့ပေမယ့် သွင်းကုန်အပြင် ပို့ကုန်ပိုင်းတွေမှာပါ တရားမဝင်ကုန်သွယ်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် တရားမဝင် ကုန်သွယ်မှုတွေ မရှိစေဖို့ သွင်းကုန်ပိုင်းနဲ့ ပို့ကုန်ပိုင်းတွေကိုပါ အရင်ကထက် စေ့စေ့စပ်စပ်ဖော်ထုတ် ဖမ်းဆီးသွားရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌက မှာကြားသည်။

ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန်များ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး G to G အနေဖြင့်လည်းဆောင်ရွက်လျက်ရှိရာ အချို့ကုမ္ပဏီများအနေဖြင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်လိုင်စင်မရှိဘဲ အခြားကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်များကို အလွဲ သုံးစားလုပ်၍ ၎င်းတို့၏ သွင်းကုန်ပစ္စည်းများကို တင်သွင်းရန်ကြိုးစားဆောင်ရွက်မှုများ ရှိနေ ကြောင်းလည်း နစက ဒုဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများအား ဖော်ထုတ်တားဆီးနိုင်ခဲ့သည့်အတွက် သွင်းကုန်ပစ္စည်း ကီလို ၃ သိန်းကျော် ခန့်မှ န်း တန်ဖိုးငွေကျပ် ၄၇၉ သန်းကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကာ ဥပဒေမဲ့ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဒု-ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here