ယခုနှစ် မိုးစပါးနှင့် လာမည့်နှစ် နွေစပါးအတွက် အခြေခံစပါးရည်ညွှန်းဈေးကို တင်း (၁၀၀) လျင် (၇၅၀၀၀၀)ကျပ် သတ်မှတ်

0
190

၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အခြေခံစပါးရည်ညွှန်းဈေးကို ၇၅၀၀၀၀ သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၃) ဖြင့် အောက်တိုဘာလ (၁၀ )ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ကြေညာချက်အရ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်သည့် အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသော တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံစပါးရည်ညွှန်းဈေးကို ၇၅၀၀၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံစပါး ရည်ညွှန်းဈေးနှုန်းကို ယခုကဲ့သို့ ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း၏ အပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း၏အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။

လက်ရှိတွင် တောင်သူလယ်သမားများအနေဖြင့် မိုးစပါးများ ရိတ်သိမ်းရမည့် ကာလဖြစ်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် စပါးရိတ်သိမ်းချိန် နောက်ကျနိုင်သည့်အပြင် ရေဝင်နစ်မြုပ်မှုများကြောင့် စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် အခြေအနေမျိုးလည်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးစိုက်ဧက အများအပြား ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ဆန်စပါးအသင်းချုပ်အနေဖြင့် ရေဝင်နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးရမည့် စပါးစိုက်ဧကများကို စာရင်းကောက်ယူမှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်းလည်း သိရသည်။

အစိုးရလက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က သတ်မှတ်လိုက်သည့် စပါးရည်ညွှန်းဈေးနှုန်းသည် လက်ရှိကာလပေါက်ဈေးထက် နိမ့်နေသည့်အတွက် ကုန်သည်များ၏ ဈေးနှိမ်ဝယ်ယူမှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံတောင်သူများက ဆိုသည်။

ထို့အပြင် ယခုနှစ် မိုးစပါးစိုက်ရာသီအတွင်း ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်မှုကြောင့် သွင်းအားစု‌ ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းကြောင့် တောင်သူများအနေဖြင့်အရှုံးပေါ်နိုင်မည့်အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် စပါးရည်ညွှန်းဈေးကို နိမ့်ချသတ်မှတ်ရန် မသင့်ကြောင်းလည်း ထောက်ပြမှုများ ရှိနေသည်။

” ဒီဈေးနဲ့က ဘယ်အဆင်ပြေမလဲ။ သူတို့က ဒီဈေးသတ်မှတ်တော့လည်း ဒီဈေးပေါ့။ စောင့်တော့ ကြည့်ရအုံးမှာပေါ့” ဟု ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်အတွင်းမှ စပါးစိုက် တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒေသအတွင်းရှိ ဈေးကွက်အတွင်း၌ စပါးပေါက်ဈေးမှာ (၁၃) သိန်းနှင့် (၁၄) သိန်းကြားရှိနေပြီး ပြီးခဲ့သည့်နှစ်တွင် (၁၂) သိန်းခွဲနှင့် (၁၃) သိန်းကြားရှိခဲ့ကြောင်း အဆိုပါ စပါးစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။

၂၀၂၃ ခုနှစ် မိုးစပါး ရည်ညွှန်ဈေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်ဈေးနှုန်းများ ရည်ညွှန်သတ်မှတ်ပေးခဲ့ပြီး ယခု သတ်မှတ်လိုက်သည့် ဈေးနှုန်းများထက် နှစ်ဆဝန်းကျင် ပိုမြင့်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့်လအတွင်းကသတ်မှတ်ပေးခဲ့သည့် မိုးစပါး ရည်ညွှန်းဈေးများမှာ စပါးတင်း (၁၀၀) အတွက် အမျိုးအစားအလိုက် ဧည့်မထ/ ငစိန်ကို ကျပ် (၁၃) သိန်းမှ (၁၅) သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် (၁၆) သိန်းမှ (၁၈) သိန်းအတွင်း၊ရွှေဘိုပေါ်ဆန်းကို ကျပ် (၁၈) သိန်းမှ သိန်း (၂၀) အတွင်း၊ ဧရာမင်းနှင့် ဧရာပဒေ သာစပါးကို ကျပ် (၁၆) သိန်းမှ (၁၈) အတွင်း ဈေးသတ်မှတ်ထားခြင်းဖြစ်သည်။

” အရင်က ထုတ်ပြန်ထားတဲ့ဟာက ဒီဈေးလောက်တော့ ရှိသင့်တယ်ဆိုတဲ့ဟာကို သတ်မှတ်ပေးတာပါ။ အခုထုတ်ပြန်တဲ့ ဒီဈေးက အတည်ပါ။ ဒီအဖွဲ့အစည်းကလည်း အစိုးရအောက်က အဖွဲ့အစည်းပဲ”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ သတ်မှတ်လိုက်သည့် အခြေခံ ရည်ညွှန်းဈေးဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူ လယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ်သို့ဖြစ်စေ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ယနေ့ အောက်တိုဘာ (၁၀) ရက်ဖြင့် ထုတ်ပြန်လာသည့် တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here