ရန်ကုန်-မန္တ‌လေးရထားလမ်းပိုင်းတွင် ခရီးတိုရထားများ ပြေးဆွဲမည်

0
213

ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ယာယီရပ်နားထားရချိန်တွင် ခရီးတိုရထားများဖြင့် ယနေ့ အောက်တိုဘာ ၁၁ ရက်မှစတင်ပြီး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သာစည်-မန္တလေး အဆန်ရထားသည် သာစည်ဘူတာမှ မွန်းလွဲ ၂နာရီ၊ မန္တလေး-သာစည်အစုန်ရထားသည် မန္တလေးဘူတာကြီးမှ မနက်၆နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး လမ်းတွင် ၁၆ဘူတာရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပျဉ်းမနာ-သာစည် အဆန်ရထားသည် ပျဉ်းမနားဘူတာမှ မွန်းလွဲ၂နာရီ၊ သာစည်-ပျဉ်းမနားအစုန်ရထားသည် သာစည်ဘူတာမှ မနက်၆နာရီတွင်ထွက်ခွာမည်ဖြစ်ပြီး လမ်းတွင် ၁၉ဘူတာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူတောင်ငူ-ပျဉ်းမနား အဆန်ရထားသည် တောင်ငူဘူတာမှ မွန်းလွဲ၁နာရီ၊ ပျဉ်းမနား-တောင်ငူ အစုန်ရထားသည် ပျဉ်းမနားဘူတာမှ မနက်၇နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး လမ်းတွင် ၁၁ဘူတာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်များအတွက် လက်မှတ်ခနှုန်းထားမှာတစ်ယောက်လျှင် ကျပ် ၅၀၀၀ နှင့် ၃၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။

“ဒါက ခရီးသည်တွေလတ်တလောအဆင်ပြေစေဖို့အတွက် ယာယီပြေးဆွဲပေးတာဖြစ်ပါတယ်။ ရေတွေဘာတွေကျပြီဆိုရင်တော့ ပုံမှန်အတိုင်းရထားကို ပြေးဆွဲပေးသွားမှာပါ”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်‌ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရထားလမ်းရေကျော်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်‌များနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားရပြီး လက်မှတ်တွေကို ငွေပြန်အမ်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here