မန္တလေးနှင့် ပဲခူးတို့တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များနှင့် ပစ္စတိုသေနတ် ၁ လက်ကို အမျိုးသား ၄ ဦးထံမှ ဖမ်းဆီးရမိ

0
157

မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များနှင့် ပစ္စတိုသေနတ် ၁ လက်ကို အမျိုးသား ၄ ဦးထံမှ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၃ x ၅၄ ကြားတွင် အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲအချိန် စိုင်းဆိုင်လှိုင်း မောင်းနှင်ပြီး ဖြိုးငြိမ်းကျော် လိုက်ပါလာသည့် SUZUKI SWIFT မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၁၇၀၀ ပြား၊ ကက်တမင်း ၂ ဒသမ ၅၅ ကီလိုနှင့် Happy Water ၃၀ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ည ၈ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ဖြိုးငြိမ်းကျော် ငှားရမ်းနေထိုင်သည့် နေအိမ်မှ အက်တက်စီဆေးပြား ၆၀ ပြား၊ Happy Water ၂၂၅ ဂရမ်နှင့် ကက်တမင်း ၁၀၇ ဒသမ ၅ ဂရမ်အား သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူများ ဖြစ်သည့် လွင်ထူးအောင်အား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂)အနီးတွင် JETOUR X 70 မော်တော်ယာဉ် ၁ စီး၊ ကက်တမင်း ၇ ဒသမ ၄၀၅ ကီလို၊ Happy Water ၈၀၀ ဂရမ်၊ အက်တက်စီဆေးပြား ၂ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပြောင်းပို ၁ ခု၊ အသံတိတ်ပြောင်းပို ၁ ခု၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် အိုက်ကွမ်း(ခ) စိုင်းကွမ်းခမ်း အား အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီခွဲအချိန် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေရှိ ၎င်း၏ နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှု စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ကက်တမင်း ၁၀ ဒသမ ၀၆၂၅ ကီလို၊ Happy Water ၁ ဒသမ ၅၅ ကီလိုနှင့် အက်တက်စီဆေးပြား ၁၇၆၂ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here