အဆိုးရွားဆုံး ရေကြီးမှုနှင့် ကြုံခဲ့ရသည့် ပဲခူးမြို့တွင် သောက်သုံးရေများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများဆို

0
259

နှစ်ပေါင်း (၆၀)အတွင်း မကြုံစဖူးဆိုးရွားစွာ ရေကြီးရေလျှံ မှုနှင့် ကြုံတွေ့ခဲ့ရသည့် ပဲခူးမြို့တွင် သောက်သုံးရေများလို အပ်လျက်ရှိနေသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

” ရေတွေက လုံးဝမသန့်တော့ဘူး။ ချိုးရေလောက်ပဲရတော့တယ်။ ထမင်းချက် ဘာညာအတွက်ဆိုရင် ‌ရေသန့်ဝယ်ရတယ်။ အဓိက လိုအပ်တာ သောက်သုံးရေပါ” ဟု ရွှေသာလျောင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

မိုးသည်းထန်စွာသွန်းမှုနှင့် မြစ်ရေတက်လာမှုကြောင့် ပဲခူးမြို့သည် စံချိန်တင် ရေနစ်မြုပ်မှုဖြစ်ခဲ့ပြီး ယာယီ ရေဘေးရှောင်စခန်း(၄၇)ခု ဖွင့်လှစ်ခဲ့ရကာ ရေဘေးသင့်ပြည်သူ (၂၇၃၀၂)ယောက်ကို ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၁) ရက်နံနက်ပိုင်းက စတင်ကာ ပဲခူးမြို့ အမြင့်ပိုင်း ရပ်ကွက်များတွင် ရေပြန်ကျသွားသော်လည်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိကာလသည် မိုးစပါးရိတ်ရမည့်ရာသီဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်ခဲ့သည့်အတွက် မှည့်နေသည့် စပါးခင်းများအားလုံးနီးပါး ရေနစ်မြုပ်ခဲ့ရပြီး ဆုံးရှုံးမှုနှင့် ကြုံခဲ့ရကြောင်း လယ်သမားများက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” တစ်ခါမှမကြုံဖူးဘူး။ ရေဒီလောက်ထိ တက်လာလိမ့်မယ်လို့ မထင်ထားဘူး။ လူတစ်ရပ်စာလောက်မြုပ်တယ်။ စပါးခင်းတွေဆိုတာ ရိတ်ခါနီးနေပြီ။ ပျက်စီးတဲ့ဧက ဆိုတာ မှန်းလို့တောင်မရတော့ဘူး။ အကုန်လုံးမြုပ်သွားတာ”ဟု ပဲခူမြို့ရှိစပါးစိုက်တောင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယမန်နေ့ အောက်တိုဘာ (၁၁) ရက်က မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုသတင်းအရ အောက်တိုဘာ ဒုတိယ (၁၀) ရက်ပတ်အတွင်း ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ လက်ရှိရေအမှတ်အထက် (၇) ပေမှ (၈) ပေအထိ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here