မြန်မာနိုင်ငံ၏ သာယာလှပမှုများ၊ ပကတိအခြေအနေများကို ဗီဒီယိုရိုက်ကူး၍ တရုတ်နိုင်ငံ၌ ထုတ်လွှင့်ပြသရန်ဆောင်ရွက်သွားမည်

0
2032

မြန်မာနိုင်ငံ၏ သာယာလှပမှုများ၊ ပကတိအခြေအနေများကို ဗီဒီယိုရိုက်ကူး၍ တရုတ်နိုင်ငံ၌ ထုတ်လွှင့်ပြသရန်ပူးပေါင်းဆောင်ရွက်သွားရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Radio and Television Administration မှ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Lu Zhengning တို့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Lu Zhengning အား အောက်တိုဘာ (၁၀) ရက်နံနက် (၁၁) နာရီက မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Lu Zhengning က မိမိတို့အနေဖြင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးကဖြန့်ဝေပေးသည့် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုများကို ကွမ်ရှီးရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသပေးခဲ့ကာ ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နန်နင်းမြို့၌ အောက်တိုဘာ (၂၃) ရက်တွင် ကျင်းပမည့် 2023 ASEAN-China Media Forum သို့လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကြီးအကဲများနှင့်ကောင်စစ်ဝန်ချုပ်တို့ တက်ရောက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ မီဒီယာမှတဆင့် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် ဗီဒီယိုများကို တင်ဆက်ပြသနိုင်ပါက ပြည်သူများအနေဖြင့် ပိုမိုသိရှိနားလည်သွားနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းကလည်း မကြာမီကရုံတင်ပြသခဲ့သည့် ရုပ်ရှင်ကြောင့် တရုတ်နိုင်ငံသားအချို့သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် တွန့်ဆုတ်နေကြသည်ကို ကြားသိရသည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ သာယာလှပမှုများ၊ပကတိအခြေ အနေများကို ဗီဒီယိုရိုက်ကူး၍ တရုတ်နိုင်ငံ၌ထုတ်လွှင့်ပြသပါက မြန်မာနိုင်ငံအကြောင်းပိုမိုသိရှိကာ နှစ်နိုင်ငံပြည်သူများကြား ချစ်ခင်ရင်းနှီးမှုများ တိုးမြှင့်နိုင်မည်ဟု လက်တွဲလုပ်ဆောင်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here