ခရီးသည်တင် Express ယာဉ်ပေါ် လိုက်လာသည့် အမျိုးသမီး (၂) ဦးထံမှ စိတ်ပြောင်းဆေးဝါး ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ

0
347

မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး ခရီးသည်တင် Express မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ အမျိုးသမီး (၂) ဦးထံမှ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် Express မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ (၇) ရက် ည (၁၀) နာရီအချိန်က သတင်းအရရှာဖွေခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ထူးမြတ်နေ့သွယ်နှင့် နှင်းဝေဖြိုးတို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဒေသကာလ တန်ဖိုးငွေ ကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ရာ ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here