ပုသိမ်ကြီးမြို့နယ်တွင် ရေဝင်ရောက်နေသည့် နေအိမ်များမှနေထိုင်သူများအား ရေဘေးလွတ်ရာရွှေ့ပြောင်းပေးနေ

0
928

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ (၁၃) ရက် နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နားဋောင်းကျချောင်းရေမြင့်တက်လာကာ နေအိမ်များအတွင်းနှင့် လမ်းများပေါ်တွင် ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအတွင်းနေထိုင်သူများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး တိုင်းရုံး)၊ စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)နှင့်လူမှုကူညီရေးအသင်းများက မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

“ပုသိမ်ကြီးမြို့နယ်ထဲက အုန်းချောကျေးရွာရဲ့ ရပ်ကွက် (၆)မှာ ပိတ်မိနေတဲ့ (၁၀) ယောက်ကို အရင်ဆုံး ရေဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ အသက်(၅၈)နှစ်အရွယ်လောက်ရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်ကိုလည်း ထာဝရလူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံကိုပို့ပေးခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထိုသို့ ကူညီပို့ဆောင်မှုများပြုလုပ်ပေးပြီးနောက် ရေဝင်ရောက်လျက်ရှိသည့်အပြင် ရေကျော်နေသည့်လမ်းများပေါ်၌ ဖြတ်သန်းသွားလာသူများ အန္တရာယ်မရှိစေရန်လည်း ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရေဝင်ရောက်နေသည့်နေအိမ်များတွင်နေထိုင်သူများအနေဖြင့် အကူအညီတောင်းခံလိုပါက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး) ဖုန်း ၀၉ ၇၆၇၁၁ ၉၁၁၉ ၊ ၀၉ ၇၈၇၁၁၉၁၁၉ ၊ စေတနာမွန်လူမှုကူညီရေးအ သင်း(အုန်းချော) ဖုန်း ၀၉ ၃၃၀၆၀၆၂၆ ၊ ၀၉ ၂၅၇၈၅၁၀၆၆ ထံသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

“လက်ရှိ နေ့လယ်ပိုင်းမှာ ရေတက်တာကတော့ နှေးသွားပြီးရေပြန်ကျလာတယ်။ ဒါ့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခဏရပ်နားပြီး အသင့်စောင့်ကြည့်အနေအထားနဲ့ စောင့်ကြည့်နေပါတယ်။ ရေပြန်တက်လာမယ်ဆိုရင်တော့ ကယ်ဆယ်ရေးဆက်လုပ်ရမယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အုန်းချောကျေးရွာအနီးတွင် တောင်ကျရေစီးဆင်းမှုများ ပြားသည့်အတွက် အုန်းချော-ဆည်တော်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားတစ်စင်းလည်း ကျိုးကျသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here