ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်းမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

0
453

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာရှိ အခြေခံပညာ စာသင်ကျောင်းတစ်ကျောင်းအတွင်းမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့ အောက်တိုဘာ (၁၃) ရက် နံနက်ပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၈) နာရီခွဲခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာရှိ အခြေခံပညာစာသင်ကျောင်းတစ်ကျောင်းအတွင်း ဝင်ရောက်ရှင်းလင်းမှုများပြုလုပ်ခဲ့ကြစဉ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာသင်ကျောင်းအတွင်းမှ လက်လုပ်သေနတ်အရှည် ၂၂ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၉ လုံး၊ ယမ်းပျော့ ၁၀ ခေါင်း၊ ယမ်းအမှုန့် ၁ ပိဿာ၊ တွင်ခုံ ၁ ခု၊ ဝရိန်စက် ၁ လုံး၊ မိုင်းဖောက်ခွဲရန်အသုံးပြုသောပစ္စည်းမျိုးစုံထည့်ထားသည့် သံသေတ္တာ ၁ လုံး၊ သံညှပ်ခုံ ၁ ခု၊ ဝရိန်ချောင်း ၅ဝ ချောင်း၊ ကျောက်စက် ၁ လုံး၊ ဖောက်စက် ၁ လုံး၊ ၂ ပင်လိမ်ဝါယာကြိုး ပေ ၃၀၀ ခန့် ၁ ခွေ၊ ဆေးမျိုးစုံထည့်ထားသည့် ဆာလာအိတ် ၁ အိတ်၊ ဆန် ၂ အိတ်၊ ပုလဲဓာတ်မြေသြဇာ ၅ အိတ်၊ မီးရှို့စနက်တံ ၁၅၀ ချောင်း၊ ဒီတိုနေတာ ၅၀ ချောင်း၊ ရေစက် ၁ လုံး၊ မီးစက် ၁ လုံး၊ လူ ၂၀ ဦးဆန့် ထန်းလက်မိုး/ထရံကာတဲ ၂ လုံး၊ ကား ၁ စီးနှင့်ထော်လာဂျီ ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here