တောင်ကျရေ စီးဆင်းမှုကြောင့် ပုသိမ်ကြီးမြို့နယ် လက်သစ်ကျေးရွာနှင့် အိုင်ကြီးကျေးရွာတွင် ဆည်တော်ကြီး ရေပေးမြောင်းဘောင်ကျိုးပေါက်မှုဖြစ်ပွား

0
249

မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းဝင်ရောက်မှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာအုပ်စုနှင့် အိုင်ကြီးကျေးရွာ အုပ်စုကြားတွင် ဆည်တော်ကြီး ရေပေးမြောင်းမကြီး ဘောင်ကျိုး ပေါက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နှင့် ဒေသခံသတင်းများ၏ ပြောကြားချက်အရ သိရသည်။

“ဟုတ်ပါတယ်။ လက်သစ်နဲ့ အိုင်ကြီးကြားမှာပေါ့နော်။ ဆည်တော်ကြီး ရေပေးမြောင်းပေါက် ဘောင်ကျိုးပေါက်တာပါ။ တိုင်း/ ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်တွေ သွားကြတာတွေ့တယ်”ဟု ပုသိမ်ကြီး ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ (၁၃) ရက် (၁၀) နာရီ (၂၀) မိနစ်အချိန်ခန့်က တူးမြောင်းဘောင်ကျိုးပေါက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဘောင်ကျိုးပေါက်မှု သတင်းအရ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ သွားရောက်ကူညီခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရေပေးမြောင်းဘောင်ကျိုးပေါက်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ သဲအိတ်များဖြင့် ထူးပေါက်ပိတ်ခြင်းနှင့် တာဘောင်ဆင့်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ (၁၃) ရက် နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နားတောင်းကျချောင်းရေ မြင့်တက်လာကာ နေအိမ်များအတွင်းနှင့် လမ်းများပေါ်တွင်လည်း ရေဝင်ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here