ဂါဇာကမ်းမြောင်ဒေသ၏အရေးပေါ်လိုအပ်ချက်များအတွက် ကန်ဒေါ်လာ ၂၉၄ သန်းလိုအပ်–ကုလ

0
210

ကုလသမဂ္ဂ၊အောက်တိုဘာ ၁၃

ယခုရက်ပိုင်းအတွင်း အစ္စရေးတပ်ဖွဲ့များ၏ဝိုင်းပတ်ပိတ်ဆို့ခြင်းခံရသည့် ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းခြေ ဒေသများ၏အရေးပေါ်လိုအပ်ချက်များအတွက် အမေရိကန်ဒေါ်လာ ၂၉၄ သန်းလိုအပ်သည်ဟုကုလသမဂ္ဂကပြောကြားခဲ့ပြီး အဆိုပါဒေသရှိဒေသခံပေါင်း ၄၀၀,၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်ဟုဆိုသည်။

အဆိုပါရန်ပုံငွေများကို လူပေါင်း ၁ ဒသမ ၂ သန်းကျော်အားကူညီရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးကပြောကြားခဲ့သည်။ ပြီးခဲ့သည့်စနေနေ့မှ စတင် ၍ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်က အစ္စရေးသို့စတင်တိုက်ခိုက်ခဲ့ရာ အစ္စရေးလူမျိုး ၁,၂၀၀ ကျော်သေဆုံးခဲ့သည့်အပြင်  ဓားစာခံ ၁၅၀ ခန့် ကို လည်း ဂါဇာသို့ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါလုပ်ရပ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂ ဒသမ ၃ သန်းခန့်နေထိုင်သည့် ဂါဇာကမ်းမြောင်ဒေသသည် အထိနာခဲ့ပြီး အဆောက်အအုံများပျက်စီးကာ ပါလက်စတိုင်းဒေသခံ ၁,၄၀၀ ကျော်လည်းသေဆုံးခဲ့ကြောင်းသိရသည်။

ကြာသပတေးနေ့ အနှောင်းပိုင်းအထိ ဂါဇာကမ်းမြောင်ဒေသ၌ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၈၄,၄၀၀ အထိမြင့်တက်လာခဲ့ပြီး အဆိုပါပမာဏသည် ၄၂၃,၃၀၀ အထိမြင့်တက်လာနိုင်ကြောင်း ကုလလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏တွက်ချက်မှုများအရသိရသည်။

ဂါဇာသို့ရေပေးဝေနေသည့် အဆောက်အအုံများသည် အစ္စရေး၏တိုက်ခိုက်မှုကြောင့်ပျက်စီးသွားပြီး တနင်္ဂနွေနေ့ကတည်းက ဂါဇာဒေသခံများသည် သောက်သုံးရေပြတ်လပ်လုနီးဖြစ်နေကာ အချို့ဆိုလျှင် ပင်လယ်ရေကို ပင်သောက်သုံးနေရပြီဖြစ်ကြောင်းယူနီဆက်ဖ်ကပြောကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများသည်လည်း ထိခိုက်ပျက်စီးခဲ့ပြီး ဆေးပစ္စည်းများလည်းပြတ်လပ်နေသည်ဟုသိရသည်။ လက်ရှိအချိန်တွင် ဂါဇာ၌ ကိုယ်ဝန်ဆောင် ၅၀,၀၀၀ ခန့်ရှိပြီး ယင်းတို့အနက် ၅,၅၀၀ ခန့်သည် လာမည့်လများအတွင်း မွေးဖွားရန်ရက် စေ့ နေကြသူများဖြစ်ကြောင်းလည်းကုလကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here