ဟားမတ်စ်ကမြောက်ကိုရီးယားလက်နက်များကိုအသုံးပြုသည်ဟူသောအချက်အား မြောက်ကိုရီးယားငြင်းဆို

0
156

ဆိုးလ်၊အောက်တိုဘာ ၁၃

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်သည် အစ္စရေးနှင့်တိုက်ခိုက်ရာ၌ မြောက်ကိုးရီးယားနိုင်ငံထုတ်လက်နက်များကိုအသုံးပြုခဲ့သည်ဟူသောပြောကြားချက်ကို မြောက်ကိုရီးယားကငြင်းဆိုခဲ့ပြီး ယခုကဲ့သိုစွပ်စွဲခြင်းသည်အမေရိကအနေဖြင့် ၎င်း၏အပြစ်အား သူတစ်ပါးပေါ်သို့ပုံချလိုသည့်အတွက် စွပ်စွဲသည့်လုပ်ဆောင်ချက်တစ်ခုသာဖြစ်ကြောင်းပြောကြားခဲ့သည်။

အာရ်အက်ဖ်အေ သတင်းဌာနကမူ စစ်ရေးကျွမ်းကျင်သူများကိုကိုးကားလျက်ဖော်ပြခဲ့သည်မှာ ဟားမတ်စ်စစ်သွေးကြွများသည် မြောက်ကိုရီးယားလက်နက်များကို အသုံးပြုနေနိုင်သည်ဟု ပါလက်စတိုင်းစစ်သွေးကြွများပစ်လွှတ်သည့်ဗီဒီယိုဖိုင်မှ ရော့ကက်ကိုကြည့်ခြင်းအားဖြင့် ခန့်မှန်းမိကြောင်းဖော်ပြခဲ့သည်။

အမေရိကန်အစိုးရပိုင် ဗွီအိုအေ သတင်းဌာနကလည်း ထောက်လှမ်းရေးဌာနကိုကိုးကား၍ဖော်ပြခဲ့သည်မှာ ဟားမတ်စ်စစ်သွေးကြွအဖွဲ့ ကအသုံးပြုသော လက်နက်အချို့သည် မြောက်ကိုရီးယားမှဖြစ်နိုင်သည်ဟုဆိုသည်။ “အစ္စရေးနဲ့တိုက်ပွဲအတွင်းမှာ မြောက်ကိုရီးယားရဲ့လက်နက်တွေကို ဟားမတ်စ်ကအသုံးပြုနေပါတယ်ဆိုတာဟာ အခြေအမြစ်မရှိတဲ့ကောလဟာလတွေပါ”ဟု မြောက်ကိုရီးယား၏နိုင်ငံပိုင်မီဒီယာ ကေစီ အင်န်အေ ကဖော်ပြခဲ့သည်။

သို့သော် အမေရိကန် နိုင်ငံ တော်လုံခြုံရေးကောင်စီ၏ ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီကမူ ၎င်းအနေ ဖြင့် ဟားမတ်စ်အဖွဲ့က အသုံးပြုသည့် ရော့ကက်ကို ထုတ်လုပ်‌သော နိုင်ငံနှင့်ပတ်သက်သည့်အစီရင်ခံချက်များကို အတည်မပြုပေးနိုင်သေးကြောင်းဆိုခဲ့သည်။

ဆက်လက်၍၎င်းက “ကိုရီးယားကျွန်းဆွယ်အပါအဝင် အမေရိက၏ ကျန်နိုင်ငံများနှင့်ပတ်သက်၍ လုံခြုံရေးမဟာဗျူဟာသည် အစ္စရေး – ပါလက်စတိုင်းအရေးအပေါ်မူတည်ပြီးပြောင်းလဲမည်မဟုတ်” ဟုဆိုခဲ့သည်။

မြောက်ကိုရီးယားသည် အစ္စရေး၏ဂါဇာကမ်းမြောင်ဒေသသို့ သွေးချောင်းစီးတိုက်ခိုက်ခဲ့မှုအတွက် ပြစ်တင်ဝေဖန်ခဲ့သကဲ့သို့  အမေရိက သည် ကိုရီးယားကျွန်းဆွယ်အား စစ်ပွဲနှုတ်ခမ်းဝသို့တွန်းပို့နိုင်နေသည်ဟုလည်း ထပ်တလဲလဲစွပ်စွဲခဲ့သည်။

Source : ရိုက်တာ/ဒဗလျူကေ


LEAVE A REPLY

Please enter your comment!
Please enter your name here