ပဲခူး- ရန်ကုန်ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်များ ဘယ်ဘက်အတက်၊ အဆင်း တံခါးပေါက်ရှိသော ကားများ အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ ရန်ကုန်ကို ဝင်ခွင့်မပြုတော့

0
365

ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်များတွင် ဘယ်ဘက်အတက်၊ အဆင်း တံခါးပေါက်ရှိသော ယာဉ်များအား အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ရန်ကုန်သို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။

ပဲခူး-ရန်ကုန် ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်များမှာ ဘယ်ဘက်ကမှ အတက်အဆင်း ပြုလုပ်ရသောကြောင့် ခရီးသွားများအတွက် အန္တရာယ်ရှိခြင်းကြောင့် ဝင်ခွင့်မပြုခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့် အညီ လက်ယာညာဘက် အတက်အဆင်း တံခါးပေါက် ဖောက်ပြီးမှသာ ရန်ကုန်တိုင်းအတွင်းသို့ ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပဲခူး- ရန်ကုန် ခရီးသည်တင် မီနီဘတ်စ်ယာဉ်များ အနက် အချို့ယာဉ်များတွင် ညာဘက်အတက်အဆင်း တံခါးပေါက်များဖြစ်ပြီး အဆိုပါ ယာဉ်များကိုသာ ရန်ကုန်သို့ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ဘယ်ဘက်အတက်အဆင်း လုပ်ရသည့် မီနီဘတ်စ်ယာဉ်များ ရန်ကုန်ဘက် မောင်းနှင်လာပါက ပဲခူးသို့ ပြန်လှည့်စေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်က စတင်ကာ မော်တော်ယာဉ်များမှာ လက်ယာဘက် ကပ်မောင်းစနစ်ကို ကျင်းသုံးခဲ့ရပြီး လက်ယာဘက်ကပ်မောင်းစနစ်အရ ခရီးသည်များ၏ အတက်အဆင်း တံခါးပေါက်မှာ လက်ယာဘက်တွင်သာ ရှိရမည်ဖြစ်သည်။

လက်ဝဲဘက်အတက်အဆင်းကားများအနေဖြင့် ခရီးသည်များ အတက်အဆင်းပြုလုပ်ရာ အလွန်အန္တရာယ်များခြင်းကြောင့် YRTC မှ သက်ဆိုင်ရာ က.ည.န အပါအဝင် လမ်းပန်းဆက်သွယ်ရေးဌာနများကို အကြောင်းကြားကာ ဘယ်ဘက်အတက်အဆင်းလုပ်ရသည့် မီနီဘတ်စ် ယာဉ်များကို ရန်ကုန်တိုင်းသို့ ဝင်ခွင့်မပေးခြင်းဖြစ်ကြောင်း YRTC မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here