နိုင်ငံရေးပြဿနာ၏ အရေးကြီးသည့်အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရန်လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

0
253

ပြည်ထောင်စုကြီး၏ ထွက်ရပ်လမ်း

နိုင်ငံရေးပြဿနာ၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရန်လိုအပ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။

ယနေ့ အောက်တိုဘာ (၁၅) ရက် နံနက်ပိုင်းက နေပြည်တော် MICC -2 တွင် ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုစကား ပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကြပ်အတည်းအား ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ခဲ့၍ ယနေ့တိုင်းပြည်သည် စစ်ရေးပဋိပက္ခနှင့်နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့နေရပြီး တိုင်းပြည်၏ဘက်ပေါင်းစုံအကြပ်အတည်းမှာ ပိုမိုဆိုးရွားလာကြောင်း ၎င်းကပြောသည်။

“ဒါထက်ပိုပြီး မဆိုးရွားလာစေဖို့ ဝိုင်းဝန်းပြီး အဖြေရှာရမယ့်အချိန်ကို ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ဒီနှစ်ကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေအကောင်အထည်ဖော်ရမယ့် အချိန်ရောက်နေပါပြီ။ ဒီအတွက် သက်ဆိုင်သူတွေကြားမှာ ယုံကြည်မှုတည် ဆောက်နိုင်ဖို့ လိုအပ်နေပါတယ်”ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဆိုသည်။

ထို့အပြင် သူ့မူ ကိုယ့်မူ အသေစွဲကိုင်နေပါက လက်ရှိနိုင်ငံရေးအကြပ်အတည်းအား ကျော်လွန်နိုင်မည်မဟုတ်ဘဲ ကြိုတင်စည်းကမ်းချက်များ မပါရှိသည့် ဆွေးနွေးညှိနှိုင်းခြင်းသည်သာ ပြည်ထောင်စုကြီး၏ ထွက်ရပ်လမ်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

နိုင်ငံတကာ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အကြပ်အတည်းကို အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဆွေးနွေးအဖြေရှာသွားနိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြရန်လည်း တိုက်တွန်းပြောကြားသွားသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့က လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS /SSA သည် နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ လက်ရှိတွင်လည်း ငြိမ်းချမ်းဆွေးနွေးမှုများ လုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here