ဆွေးနွေးမှုများအရ အခြေခံဥပဒေကိုပြင်ဆင်ရန် အချက်များပါလာပါက နောင်ဖြစ်ပေါ် လာမည့် လွှတ်တော်အသီးသီးမှတစ်ဆင့် အဆုံးအဖြတ်ခံယူဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
214

အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စနစ်တစ်ခုအား ပြောင်းလဲလျှောက်လှမ်းရာတွင် အစိုးရမှပြောင်းလဲ၍မရဘဲ ပြည်သူ့ဆန္ဒပါမှသာ ပြောင်းလဲ၍ရမည်ဖြစ်သည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ်တွင် တစ်ပါတီစနစ်မှပြည်သူလူထုတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် လိုအပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေအား တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊အသိပညာရှင်၊အတတ်ပညာရှင်များစုပေါင်းညှိနှိုင်းရေးဆွဲ၍ ၂၀၀၈ ခုနှစ်၊မေ ၂၉ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူခဲ့သည်ဟု ဆိုသည်။

“မဲဆန္ဒရှင်ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုရရှိခဲ့တာကြောင့် ဒီနေ့ပြဋ္ဌာန်းကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ဖြစ်ပေါ်လာတာ ဖြစ်ပါတယ် ဒီနေရာမှာ NCA စာချုပ်ရဲ့ဖြစ်ပေါ် လာပုံနဲ့ သဘောတရား၊ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာပုံနဲ့သဘောတရားတွေကို ကွဲကွဲ ပြားပြားသိဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

NCA စာချုပ်သည် နိုင်ငံတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ကတိကဝတ်ပြု သဘောတူညီချက်၊သဘောတူစာချုပ်ဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကြား အာမခံချက်ပေးထားသည့် ဥပဒေဖြစ်သည်ဟု ဆိုသည်။

“အဖွဲ့အစည်း ၂ ခုကြား သဘောတူညီချက် ကတိကဝတ်ဟာ နိုင်ငံသူ၊နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုအားလုံးအပေါ်မှာထားမယ့် သဘောတူညီချက်၊အာမခံချက်ပြုထားတဲ့ ဥပဒေအပေါ်မှာ လွှမ်းမိုးဖို့မသင့်ပါဘူး ဆိုလိုတာက NCA ကို အလေးအနက်ထားရမှာဖြစ်ပေမယ့် NCA စာချုပ်ကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုဆောင်ရွက်ရာမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထင်မြင်ချက်၊ယူဆချက်၊လိုလားချက်များကိုတူညီဆန္ဒများအဖြစ် စုစည်းဆွေးနွေးနေခြင်းဖြစ်ကာ ယင်းထဲမှအခြေခံဥပဒေကို ပြင်ဆင်ရမည့်အချက်များရှိလာပါက နောင်ဖြစ်ပေါ် လာမည့် လွှတ်တော်အသီးသီးမှတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here