မိမိတို့ ဆန္ဒကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်းအဖြေရှာကြရန် သက်ဆိုင်သူအားလုံးကို တောင်းဆိုကြောင်း စောမူတူးစေးဖိုးပြော

0
836

NCA လက်မှတ်ရေးထိုးထားသည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးမှ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ (၁၅) ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နှစ်ရှည်လများဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ရရှိရန် (၂) နှစ်နီးပါးအချိန်ယူဆွေးနွေးခဲ့ကြပြီးမှသာ NCA ရရှိခဲ့ခြင်းဖြစ်ပြီး သမိုင်းစာမျက်နှာသစ်တစ်ခုပေါ်ပေါက်စေခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

“ဒါတွေဟာ အလျှော့အတင်းပြုလိုတဲ့ စိတ်ဓာတ်၊အခက်အခဲတွေကို အတူတကွပူးပေါင်းဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုတဲ့သဓိဋ္ဌာန်၊ ဆွေးနွေးဘက်တစ်ဖက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွှတ်မှုနဲ့ ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း ဒီလိုစိတ်ဓာတ်ဆန္ဒနဲ့ ထပ်မံပြီးကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးကပြောသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးခြင်းသည် သာမန်အပစ်ရပ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခြင်းမဟုတ်ဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေးလျှောက်လှမ်းရမည့် ခရီးရှည်ကြီး၏ ပထမဦးဆုံးသော အရေးကြီးသည့်ခြေလှမ်းဖြစ်ကာ စိန်ခေါ်မှုများစွာလည်း စောင့်ကြိုနေသည်ကို အားလုံးရင်ဆိုင်ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်ဟု ပြောသည်။

ပြီးခဲ့တဲ့ကာလတွင် NCA ကို ဆက်လက်အကောင်အထည်ဖော်ရာ၌ အောင်မြင်သင့်သလောက်အောင်မြင်မှုမရရှိခဲ့ဘဲ နိုင်ငံရေးအကြပ်အတည်းကြောင့် NCA အကောင်အထည် ဖော်မှုမှာလည်း ရပ်နားသွားခဲ့ရသည်ဟုလည်း ပြောသည်။

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းပြည်ဖြစ်၍ လူမျိုးချင်းမတူသော်လည်း ငြိမ်းချမ်းစွာအတူတကွနေထိုင်နိုင်ရေးကို ရှေ့ရှုရန်လိုကာ ခါးသီးစွာတွေ့ကြုံခံစားလာခဲ့ကြရသော လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များအတွက် “ငြိမ်းချမ်းရေး”ဆိုသည့် အမွေအနှစ်ကို ချန်ရစ်ထားနိုင်ရန်၊ တရားမျှတမှုနှင့်ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံသည့် တာဝန်ယူမှု၊တာဝန်ခံမှု၊ပွင့်လင်းမြင်သာမှုရှိမည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြရန်အတွက်လည်း စောမူတူးစေးဖိုးက တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here