အစ္စရေးသည် မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်သည့်အဆင့် ကိုကျော်လွန်နေ–ဝမ်ယိ

0
186

ပေကျင်း၊အောက်တိုဘာ ၁၅

ပါလက်စတိုင်းအရေး၌ အစ္စရေး၏လုပ်ရပ်များသည် မိမိကိုယ်ကိုယ်မိမိခုခံ ကာကွယ်သည့် အဆင့်ကို ကျော်လွန်နေပြီဖြစ်ကာ အစ္စရေးအစိုးရအနေဖြင့် ဟားမတ်စ်နှင့်ရောပြီး သာမန်ပြည်သူများကိုပါ အပြစ်ပေးခြင်းမျိုးကိုရပ်တန့်သင့်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိကပြောကြားခဲ့သည်။

“အစ္စရေးအစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏တောင်းဆိုမှုများကို အလေးထားကာ ပြည်သူများကိုပါတိုက်ခိုက်ခြင်းကိုရပ်တန့်သင့်ပြီ” ဟုမစ္စတာဝမ်ယိကပြောသည်။

ပြီးခဲ့သည့်စနေနေ့ကစတင်ခဲ့သည့် အစ္စရေး – ပါလက်စတိုင်းတင်းမာမှုနှင့် တိုက်ပွဲများကြောင့် နှစ်ဖက်လုံး၌ သေဆုံးသူ ထောင်ချီရှိလာကာ ဒဏ်ရာရရှိသူများလည်းအမြောက်အများဖြစ်လာခဲ့သည်။ နှစ်ဖက်စလုံးရှိသေဆုံးသူများ၏အများစုမှာ သာမန်အရပ်သားပြည်သူများသာဖြစ်ကြောင်းသိရှိရသည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံခြားသားများအပါအဝင် ဓားစာခံ ၁၅၀ ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစ္စရေးကမူ အဆိုပါဓားစာခံများကိုမလွှတ်ပေးမချင်း ဂါဇာကမ်းမြောင်ဒေသအားဝိုင်းပတ်ပိတ်ဆို့ထားမည်ဟုဆိုကာ ပိတ်ဆို့ထားမှုကြောင့် ပါလက်စတိုင်းပြည်သူများအတွက် အစားအစာ၊ရေနှင့်လျှပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်နေပြီး အစ္စရေး၏ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဓားစာခံ ၁၃ ဦး လည်းသေဆုံးခဲ့ရပြီဖြစ်ကြောင်းဟားမတ်စ်ကဆိုသည်။

သို့သော်အစ္စရေးက အဆိုပါပြောကြားချက်အားငြင်းဆိုထားသည်။အ‌ရှေ့အလယ်ပိုင်းအ‌ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကမူ အမေရိက အနေဖြင့် ၎င်း၏အပြုသဘောဆောင်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိသည့်အခန်းကဏ္ဍကိုအသုံးပြုလျက် အစ္စရေး – ဟားမက်စ်အရေးအား နိုင်ငံရေးအရဖြေရှင်းရေးလမ်းပေါ်ပြန်ရောက်အောင်ကြိုးပမ်းသင့်သည်ဟုလည်းဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here