မကာအိုကို ခံစစ်ကစားသွားဖို့မရှိဘဲ အင်အားအပြည့်နဲ့ ကစားသွားမည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ်ပြော

0
209

မကာအိုနှင့်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ဒုတိယ အကျော့တွင် ခံစစ်ကစားသွားဖို့မရှိဘဲ အင်အားအပြည့်နဲ့ ကစားသွားမည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြချုပ် မိုက်ကယ်ဖိုင်တန်ဘိုင်နာကပြောသည်။

ယနေ့ အောက်တိုဘာ ၁၆ ရက်က ပြိုင်ပွဲကျင်းပမည့် Olympic Sports Centre Stadium တွင် ကျင်းပခဲ့သည့် မကာအိုလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ပွဲစဥ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် မကာအို အသင်းတို့သည် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာလ(၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ(၆)နာရီတွင် Macau Olympic Complex တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

“အိမ်ကွင်းမှာနိုင်ခဲ့သလို အဝေးကွင်းမှာလည်း နိုင်ချင်ပါတယ်။ နိုင်ပွဲရဖို့အတွက် အခွင့်အရေးအားလုံးကို အသုံးချသွားမှာပါ။ ခံစစ်ကစားသွားဖို့မရှိဘဲ အင်အားအပြည့်နဲ့ ကစားသွားဖို့ရှိပါတယ်။ ပထမအကျော့မှာ ဂိုးပြတ်နိုင်ခဲ့တယ်ဆိုပေမယ့် မကာအို အသင်းကလည်း ယှဥ်ကစားနိုင်စွမ်းရှိပါတယ်။ ချေပဂိုးလည်းသွင်းနိုင်ခဲ့တယ်။ ပွဲပြီးခါနီး မိနစ်၃၀လောက်မှာ ကစားအားကျသွားတဲ့အတွက် ဂိုးတွေသွင်းနိုင်ခဲ့တာပါ” ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် မိုက်ကယ်ဖိုင်တန်ဘိုင်နာကပြောသည်။

“ပထမပွဲမှာ အနိုင်ရခဲ့သလို ဒီပွဲကိုလည်းအနိုင်ရချင်ပါတယ်။ ဒီပွဲစဥ်ကို လာမယ့်ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ်တွေအတွက် အကြိုပြင်ဆင်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အင်အားအပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဥ်ပြိုင်ကစားသွားမှာပါ” ဟုလည်း မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား ကျော်မင်းဦးကပြောသည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ပထမ အကျော့အဖြစ် အောက်တိုဘာ ၁၂ ရက် က မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရထားသည်။
နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိသည့် အသင်းသည် ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here