နိုဝင်ဘာ (၁၆) ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံနေပြီး နိုဝင်ဘာ (၂၃) ရက်တွင်ဖွင့်လှစ်မည်

0
213

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအား နိုဝင်ဘာ (၁၆) ရက်မှစတင်ကာ ပိတ်ရက်မရှိကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး လာမည့် နိုဝင်ဘာ (၂၃) ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ (၁၆) ရက် မွန်းလွဲပိုင်းက တက္ကသိုလ် ပါမောက္ခချုပ်များနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားမှုများ ပြုလုပ်စဥ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေမှထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျောင်းအပ်လက်ခံရာမှာ နေ့စဉ် မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးကြရပါမယ်။ နောက်ပြီး တက္ကသိုလ်တွေအားလုံးကိုလည်း နိုဝင်ဘာ (၂၃) ရက်မှာ ဖွင့်လှစ်သွားပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ပြောသည်။

ထို့ပြင် တက္ကသိုလ်များ၏ ဥပဓိရုပ် ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

မကြာမီကာလတွင် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားအားကစား လှုပ်ရှားမှုအဖြစ် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍသုံးခုတွင် ဒေသအဆင့်၊ဗဟိုအဆင့် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးမည်ဟု ဆိုသည်။

ထို့အတူ ၂၀၂၄ ခုနှစ် ဧပြီလတွင် တစ်နိုင်ငံလုံး၌ အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ရာ တက္ကသိုလ်ဆရာ၊ဆရာမ၊ကျောင်းသား၊ ကျောင်းသူများအားလုံး ညီညီညွတ်ညွတ်ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရန်အတွက်လည်း ဝန်ကြီးက မှာကြားခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here