NCA လမ်းကြောင်း ယခင်လိုပြန်လည် အားကောင်းလာစေရန် ယခင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏အကြံပြုချက်များ

0
271

NCA လမ်းကြောင်း ယခင်လို ပြန်လည်အားကောင်းလာစေရန်အတွက် မိမိတို့ဆောင်ရွက်ခဲ့သည့် နည်းလမ်းများအတိုင်းဆောင်ရွက်ကြရန် ယခင်ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက အကြံပြုပြောကြားသည်။

အောက်တိုဘာ (၁၅) ရက်က နေပြည်တော် MICC-2 တွင် ပြုလုပ်သည့် NCA (၈) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာစဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

NCA လမ်းကြောင်းပေါ်မှ ထွက်ခွာသွားသည့် အဖွဲ့များ လမ်းကြောင်းပေါ်ပြန်လည် ရောက်ရှိလာရန်နှင့် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ လမ်းကြောင်းတွင် ပါဝင်လာရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း အကြံပြုရန် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့က နိုင်ငံသား တစ်ယောက်အနေနဲ့ NCA နဲ့ ပတ်သက်ပြီးတော့ လူတိုင်းကို အမြဲတမ်းလည်းပြောပြတယ်။ အကြံဉာဏ်လည်း ပေးပါတယ်။ ကျွန်တော်တို့ လုပ်တဲ့အတိုင်း လုပ်ပေးဖို့ဆိုတာကို ဒါကိုပဲ ပြောပါတယ်” ဟု ဦးအောင်မင်းက ပြောသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်က သမ္မတရုံး ဝန်ကြီးဖြစ်သူ ဦးအောင်မင်းသည် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ယခင်က ရန်ကုန်မြို့ သံလွင်လမ်းတွင် အခြေစိုက်သည့်  မြန်မာငြိမ်းချမ်းရေးစင်တာ၏ ဥက္ကဋ္ဌလည်းဖြစ်၊ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည့်အလျှောက် ၎င်း၏ အတွေ့အကြုံနှင့်ပတ်သက်၍လည်း NCA (၈) နှစ်ပြည့် အခမ်းအနား ဂုဏ်ပြုစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားရာတွင် ၎င်းတို့ အစိုးရ လက်ထက် NCA စာချုပ် အကောင်အထည်ဖော်ရန် ကြိမ်းပမ်းရာ၌ ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဗဟိုပြု၍ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် NCA စာချုပ်မှာ အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းသာ မဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မည်ကဲ့သို့ အကောင်အထည်ဖော်မည်လဲဆိုသည့် လမ်းကြောင်းကို အုပ်မြစ်ချခဲ့သည့် စာချုပ်တစ်ခု ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နောက်ပိုင်းကာလများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်  ၎င်းတို့အစိုးရ အဖွဲ့စဉ်းစားခဲ့သည့် ပုံစံနှင့် မတူညီသည့် ချဉ်းကပ်မှုပုံစံများစွာကို တွေ့မြင်ခဲ့ရကြောင်းလည်း ၎င်းကဆိုသည်။

” ကျွန်တော်တို့က ငြိမ်းချမ်းရေးကို အခြေခံပြီး ဒီမိုကရေစီကို အကူးအပြောင်း လုပ်ခဲ့တဲ့ လမ်းကြောင်းကနေ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီး နိုင်ငံရေးအပြောင်းအလဲလုပ်တဲ့ လမ်းကြောင်းကို ပြောင်းသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဦးစားပေး အဆင့် (၁) ကနေ အဆင့်လျှော့ချခြင်းများ ခံခဲ့ရပါတယ် ” ဟု ဦးအောင်မင်းက ထောက်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး NLD အစိုးရ လက်ထက်တွင် (၂) ဖွဲ့ ထပ်မံ လက်မှတ်ရေးထိုးခဲ့သည့်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့ (၁၀) ဖွဲ့ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် အဖွဲ့အချို့ NCA လမ်းကြောင်းပေါ်မှ ပြန်လည်ထွက်သွားခဲ့သည်။

ယင်းကဲ့သို့ NCA လမ်းကြောင်းမှ သွေဖယ်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ အဖြေရှာသည့် နည်းလမ်းကို ဆန့်ကျင်နေသ၍ NCA အကောင်အထည်ဖော်မှုကို ထိခိုက်နေဦးမည်ဟု မြင်ကြောင်းလည်း ယခင်ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here