တရုတ်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားသည့် UWSA အရာရှိ (၂) ဦး ထုတ်ပယ်

0
290

အွန်လိုင်းဆက်သွယ်ရေး လိမ်လည်မှုဂိုဏ်းများ၌ ဦးဆောင်ပါဝင်သည်ဟုဆိုကာ တရုတ်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားသည့် အရာရှိ (၂) ဦးကို “၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာထားသည်။

၎င်းတို့ နှစ်ဦး၏ လုပ်ရပ်များသည် နိုင်ငံတကာအပြင် “ဝ” ပြည်နှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိခိုက်စေကြောင်း UWSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ပေါ်လစ်ဗျူရိုအမြဲတမ်း ကော်မတီအနေဖြင့် အဆိုပါဖြစ်စဉ်အား လေ့လာပြီးနောက် “၀” ပြည် အစိုးရ၏ ဂုဏ်သိက္ခာ၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံရေး ထိန်းသိမ်းရန် ရာထူးမှ ထုတ်ပယ်ကြောင်း UWSA က ပြောကြားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ရှိသူ ဦးညီရန်းသို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနမှ ၎င်းတို့ကို ဖမ်းမိစေရေးအတွက် သတင်းပေးကူညီသူအား တရုတ်ယွမ် ၁ သိန်းမှ ၅ သိန်းအထိ ပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here