ယူနန်- မြန်မာအကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာများကို အကောင်အထည်ဖော်ရန် YPGCC ဥက္ကဌလာရောက်ခြင်းဖြစ်ဟုဆို

0
370

ယူနန်ပြည်နယ် အထွေထွေကုန်သည်များအသင်း Yunnan Provincial General Chamber of Commerce (YPGCC) ၏ ဥက္ကဋ္ဌ Dr. Gao Feng လာရောက်ခြင်းသည် ယူနန်- မြန်မာအကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာများကို အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း သိရသည်။

မြန်မာ – တရုတ် စီးပွားရေး စင်္ကြံလမ်း Myanmar – China Economic Corridor (CMEC) အကောင်အထည်ဖော်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ MoU ကို ၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှာ လက်မှတ် ရေးထိုးထားခဲ့ခြင်းဖြစ်သည်။

မြန်မာ – တရုတ်စီးပွား‌ရေးစင်္ကြံကို အရည်အသွေးမြင့်တင်ပြီး စွမ်းအင်နှင့်သတ္တုကဏ္ဍ၊ သဘာဝဘေးအန္တရာယ်လျော့ချရေး ၊ ခရီးသွားလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း၊ ထို့ပြင် ယူနန်ရှိ စက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ဆောင်လာပြီး ယူနန်-မြန်မာအကြားစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိရေး ဖြစ်ကြောင်း Dr. Gao Feng ကဆိုသည်။

ထို့ပြင်တရုတ်-မြန်မာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆက်သွယ်ရေးလမ်းကြောင်းများချဲ့ထွင်ပြီး ကုန်သွယ်မှုမြှင့်တင်ရန်၊ သတင်းအချက်အလက်များဖလှယ်နိုင်ရန် ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်၊ ဆိပ်ကမ်းစီးပွားရေး၊ ဆန်ထောက်ပံ့ရေး၊ ဓါတ်မြေဩဇာထောက်ပံ့ရေး၊ လယ်ယာထွက်ကုန်တင်ပို့ရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတို့တွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပထမအကြီးဆုံးသွင်းကုန်အရင်းအမြစ်နှင့် ပို့ကုန် ဈေးကွက်လည်း ဖြစ်ကြောင်း၊ ယူနန်-မြန်မာအကြား သွင်းကုန်တန်ဖိုးမှာ တရုတ်ယွမ်ငွေ (၄၉ ဒသမ ၄၄)ဘီလီယံ အထိ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ငွေကြေးကဏ္ဍမဟုတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁၉၀) ကို တည်ထောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် နှစ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အချင်းချင်းအပြန်အလှန် မိတ်ဆက်ခဲ့ကြပြီး သတ္တုကဏ္ဍ၊ သံနှင့် သံမဏိ၊ သယ်ယူပို့ဆောင်ရေး၊ E-Commerce၊ ခရီးသွားလုပ်ငန်း ၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ ကြံ၊ သကြား၊ မြေပဲ၊ သစ်သီးဝလံများ၊ရေထွက်ကုန်လုပ်ငန်း၊ စားသောက်ကုန်၊ သုတေသန ၊ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ စသည်တို့နှင့်စပ်လျဥ်း၍ နှစ်ဖက် ကိုယ်စားလှယ်များ၏ အတွေ့အကြုံအမြင်များ ဖလှယ်ခြင်းနှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here