နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
206

အောက်တိုဘာ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၃)သို့ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းများဆောင်ရွက်ရာ၌ ဈေးကွက်စီးပွား ရေးစနစ်ဖြင့်ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်းများကိုဖျက်သိမ်းခြင်း၊ ပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်များပေးခြင်းနှင့်ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိသည်ဟု ဆိုသည်။

“မိမိတို့တာဝန်ယူဆောင်ရွက်ချိန်မှာ လည်ပတ်သင့်တဲ့စက်ရုံတွေနဲ့လုပ်ငန်းတွေကိုပြန်လည်လည်ပတ်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်၊ အဲဒီလိုပဲ ဝန်ကြီး ဌာနတွေမှာ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရတဲ့လုပ်ငန်းတွေ စက်ရုံ၊အလုပ်ရုံတွေ လုပ်ငန်းဆောင်ရွက်ဖို့အကြောင်းအမျိုးမျိုးနဲ့ မြေနေရာတွေယူထားပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိတာတွေကိုလည်းတွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နိုင်ငံ့အကျိုးအတွက်ကြည့်၍ ၎င်းမြေနေရာများ၊စက်ရုံ၊အလုပ်ရုံများလည်ပတ်နိုင်မည့်၊ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများကလုပ်ဆောင်နိုင်ရန်လိုအပ်မည်ဖြစ်ကာ နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်နိုင်ရန်လိုပြီး ထိုသို့ ဆောင်ရွက်ရာ၌ အစိုးရပိုင်းနှင့်ပုဂ္ဂလိကပိုင်းဆိုင်ရာများအဖြစ် အပိုင်းလိုက်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ချမှတ်ထားသည့် မူဝါဒများ၊စည်းမျဉ်း/စည်းကမ်းများနှင့်အညီဆောင်ရွက်ရမည်ဖြစ်ကာ လုပ်ငန်းများဆောင်ရွက်ရန် လွှဲပြောင်းပေးရာတွင် အမှန်တကယ်ကုန်ထုတ် လုပ်မှုလုပ်ငန်းများကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရမည်ဟု မှာကြားသည်။

“နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ပြည်သူလူထုအတွက်အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်တာကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကိုအောင်မြင်အောင်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် နှစ်စဉ်ဘက်ဂျက်ငွေများချထားပေးလျက်ရှိ၍ ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ်အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့်ငွေကြေးတောင်းခံမှုများကိုသာဖြစ်စေရန်လိုသည်ဟု ဆိုသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊ပညာရေးနှင့်အခြားကဏ္ဍများစွာတွင် သုံးစွဲရမည့်ငွေကြေးပမာဏများစွာရှိနေ၍ စနစ်တကျတွက်ချက်တောင်းခံရမည်ဖြစ်ကာ တိုင်းနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာအသုံးချနိုင်ရန် သတ်မှတ်ကာလများအတွင်း အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here