မြန်မာနိုင်ငံတွင် ရုရှားဆေးဝါးများဖြင့်ကင်ဆာဝေဒနာရှင်များအား ကုသပေးသွားမည်

0
200

ရုရှားနိုင်ငံတွင် ကင်ဆာရောဂါများ ကုသပေးသည့် ဆေးဝါးများကို အသုံးပြုကာ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များကို ကုသပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

အောက်တိုဘာ (၁၉)ရက် ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgency Dmitrievich တို့တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိသော ကင်ဆာရောဂါများ၊ ခေတ်မီကင်ဆာဆေးကုသမှုလုပ်ငန်းများ၌ အပြန်အလှန် နည်းပညာဖလှယ်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် အတွေ့အကြုံဖလှယ်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှားနှစ်နိုင်ငံ ကင်ဆာရောဂါကုသမှုဆေးပညာရှင်များတွဲဖက်၍ ဆေးကုသမှုများ လုပ်ဆောင်နိုင်ရေး၊ ရုရှားနိုင်ငံမှ ကင်ဆာရောဂါများကုသပေးသည့် ဆေးဝါးများအသုံးပြု၍ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များအား ဆေးကုသမှုများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆေးပညာရပ်ဆိုင်ရာညီလာခံများ၊ အစည်းအဝေးများကျင်းပ၍ ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်ဖိတ်ကြားကာ အသိပညာဖလှယ်ရေး၊နှစ်နိုင်ငံဆေးပညာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here