မိုဘိုင်းငွေပေးချေမှုစနစ်များဖွံ့ဖြိုးတိုးတက်လာပါက ငွေသားကိုင်တွယ်မှုများကို လျှော့ချနိုင်မည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကပြောသည်။
အောက်တိုဘာ ၁၉ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ဗဟိုဘဏ်မှအကောင်အထည်ဖော်ဆောင်ရွက်နေသော Digital Payment Switch(Myanmar Pay)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊လမ်းညွှန်ဆုံးဖြတ်ပေးရမည့်အချက်များနှင့်ပတ်သက်သည့်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ (National Payment System Strategy 2020-2025)အရ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရန် မိုဘိုင်းငွေပေးချေမှုစနစ်များ အားလုံးအပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch(Myanmar Pay)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ရာ၌ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန်လိုအပ်ကာ အကောင်အထည်ဖော်ပြီးပါက ငွေပေးချေမှုများအား လုံခြုံစိတ်ချလျင်မြန်စွာဆောင်ရွက်နိုင်ပြီး ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ငွေသားကိုင်တွယ်မှုများကို လျှော့ချနိုင်မည်ဟု ပြောသည်။
ထို့နောက် ဗဟိုဘဏ်မှတာဝန်ရှိသူများ၊ပုဂ္ဂလိကဘဏ်များမှ နည်းပညာကျွမ်းကျင်သူများနှင့် PayPlus Co.Ltd တို့မှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။