နိုင်ငံခြားငွေလဲနှုန်း တွက်ချေမကိုက်သဖြင့် Exporter အချို့ တင်ပို့မှု ရပ်နားထား

0
200

ပို့ကုန်တင်ပို့သူများအနေဖြင့်နိုင်ငံခြားငွေလဲနှုန်း တွက်ချေမကိုက်သဖြင့်တင်ပို့မှု ရပ်နားထားကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။

“ပြင်ပပေါက်ဈေးနဲ့ လက်ရှိပြည်တွင်းမှာသတ်မှတ်ထားတဲ့ဈေးနဲ့ ကွာဟချက်ရှိတယ်လေ။ ပြင်ပမှာကတော့ ၃၀၀၀ ကျော်ပေါက်ဈေးရှိတယ်။ ၅၀ ရာခိုင်နှုန်းက ၂၁၀၀၊ ကျန် ၅၀ ရာခိုင်နှုန်းက၂၉၃၀ အောက်ပဲဖြစ်ရမယ်။ အဒီမှာကျတော့ ပြည်တွင်းမှာရှိတယ့်ကုန်ဈေးနှုန်းတွေအကုန်လုံးက တက်တယ်။ သူတို့က အပြင်ပေါက်ဈေးနဲ့လိုက်ပြီး ၁၀၀ ရာခိုင်နှုန်းလိုက်တတ်နေတာ။ ပြည်တွင်းဈေးကပိုမြင့်နေတယ်။ပြည်ပပေါက်ဈေးကနိမ့်နေတယ်။ အဲဒီတော့ Exporter တွေအနေနဲ့ မကိုက်တဲ့အတွက် မတင်ပို့ဘူး”ဟု၎င်းကဆိုသည်။

ယခုဘဏ္ဍာနှစ်၏ ပထမ ဘတ်ဂျက် ခြောက်လကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှု လျော့ကျခဲ့ပြီး ယင်းသို့ လျော့ကျရခြင်းမှာ ပြည်ပအမှာစာလျော့နည်းခြင်း၊နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုကြောင့်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကပြောကြားထားသည်။

ပြည်ပနိုင်ငံများသို့ ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ ချုပ်ပြီးအထည်တို့မှာ ပို့ကုန်တင်ပို့မှု အနည်းငယ်လျော့နည်းခဲ့ခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ (၆)လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) ပို့ကုန်တင်ပို့မှုသည် ၄၆ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုသည် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်းလျက်ရှိပြီး၊ ယခင်ဘဏ္ဍာနှစ် ပထမ(၆)လပတ်ထက် နှိုင်းယှဉ်ကြည့်ပါက (၁) ဘီလီယံခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ(၆)လပတ် အတွက် ပို့ကုန်ကို အမေရိကန်ဒေါ်လာ (၁၆ ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ ဒသမ ၅)ဘီလီယံ လျာထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here