ပို့ကုန်လုပ်ငန်းရှင်များကိုပေးမည့် အထူးအခွင့်အရေးနှင့်ပတ်သက်ပြီး သီးခြားမရှိသေးဟုဆို

0
145

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင် Exporter များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အသိပေးထားသည်။

သို့သော် လက်ရှိအချိန်ထိ သီးခြားမရှိသေးကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်‌ဦးကပြောသည်။

” ဒါနဲ့ပတ်သက်ပြီး အခုထိတော့သီးခြားမရှိသေးပါဘူး။ အခုထိတော့ ပို့ကုန်လုပ်ငန်းရှင်တွေက လိုင်စင်တွေကို လုပ်တဲ့နေရာမှာကြာနေတာပေါ့။ Export လုပ်လိုက်မယ်။ကိုယ်ရတဲ့ငွေနဲ့ ကိုယ့်ဘာသာပြန်သုံးတဲ့ပစ္စည်းပေါ့ own use ပြန်လုပ်တဲ့အခါမှာ လိုင်စင်ကို ဦးစားပေးချပေးဖို့ ကျွန်တော်တို့ တင်ပြဖို့ရှိတယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူဒေါက်တာ စိုးထွန်းကပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ဆန် ၊ ရာဘာ ၊ ရေထွက်ကုန်အမျိုးမျိုး၊ သစ်သီးဝလံနှင့် CMP ကဏ္ဍတို့သည် အဓိကပို့ကုန်အဖြစ်အများဆုံးတင်ပို့လျက်ရှိသည့် ကုန်စည်အမယ်များလည်း ဖြစ်သည်။

သို့သော်ပို့ကုန်လုပ်ငန်းရှင်အများစုသည် ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းအား ဗဟိုဘဏ်သတ်မှတ်နှုန်း တစ်‌ဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြင့် လဲလှယ်ရန် သတ်မှတ်ပြီးနောက်တွင် ပို့ကုန်ရငွေများ ပြန်လည်မပေးသွင်းသည့် လုပ်ငန်းရှင်များလည်းရှိကြောင်း သိရသည်။

ထို့ပြင် အာရှနိုင်ငံများသို့ တင်ပို့သည့်ကုန်ပစ္စည်းများ ၄၅ ရက်အတွင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်းများ ရက်ပေါင်း ၉၀ အတွင်း ပို့ကုန်ရငွေများ မဖြစ်မနေပြန်လည် ဝင်ရောက်ရမည်ဟု ဗဟိုဘဏ်က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here