အိန္ဒိယနိုင်ငံသံရုံးမှ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်အပင်စာအုပ်များ၊ယဉ်ကျေးမှု၊စာပေ၊သမိုင်းစာအုပ်များကို မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့လှူဒါန်း

0
315

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်အပင်စာအုပ်များ၊ယဉ်ကျေးမှု၊စာပေ၊သမိုင်းစာအုပ်များကို မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်ပင်စာအုပ် ၆၅ အုပ်အပါအဝင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊စာပေ၊ သမိုင်းတို့နှင့်ပတ်သက်သော စာအုပ်ပေါင်း ၂၀၀ ခန့်ကို အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Vinay Kumar ကလွှဲပြောင်းလှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတက်ရောက်၍ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

အိန္ဒိယနိုင်ငံသံအမတ်ကြီးမှ ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံကြား အာယုဗေဒနှင့်တိုင်းရင်းဆေးဝါးဆိုင်ရာပူးပေါင်းမှုအပြင် နှစ်နိုင်ငံကြားယဉ်ကျေးမှုနှင့်သမိုင်းကြောင်းဆိုင်ရာ ပိုမိုသိနားလည်မှုကိုတိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှလည်း အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးဝါးဆိုင်ရာစာအုပ်များလှူဒါန်းမှုသည် မြန်မာနိုင်ငံ၏တိုင်းရင်းဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြုမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းဆေးပညာကဏ္ဍတွင် ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးပညာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အိန္ဒိယသံအမတ်ကြီးတို့မှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်၊တိုင်းရင်းဆေးတက္ကသိုလ်ပြခန်းတို့ကိုလှည့်လည်ကြည့်ရှုပြီး အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးတက္ကသိုလ်၏ E-library ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်သွားရန်၊နှစ်နိုင်ငံကြား ကျန်းမာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်းဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here