အမျိုးသားရေး အားမာန်ခမ်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဟု နစက ဥက္ကဋ္ဌပြော

0
185

အောက်တိုဘာ (၂၄) ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းအချက်အလက်နှင့်နည်းပညာများ တဟုန်ထိုးဖွံဖြိုးတိုးတက်လာသည့် မျက်မှောက်ခေတ်ကာလတွင် ယဥ်ကျေးမှုတစ်သားတည်းဖြစ်ခြင်း၊ ယဥ်ကျေးမှုနှစ်ခြမ်းကွဲခြင်းနှင့်ယဥ်ကျေးမှု မျိုးကွဲများပေါင်းစပ်ခြင်းတို့ကို နိုင်ငံအသီးသီး ၌ ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိတို့၏ ကိုယ်ပိုင်အမျိုးသား ယဥ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့် လူမျိုးအပေါ်တွင် အထင်ကြီးလေးစားမှု လျော့နည်းသွားပြီး အမျိုးသားရေးအားမာန်များ ခမ်းခြောက်လာမည်ဟု ဆိုသည်။

“အမျိုးသားရေးအားမာန်တွေခမ်းခြောက်လာတာနဲ့အမျှ နိုင်ငံရဲ့အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမှာလည်းဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတို့ရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ဒြပ်နဲ့အစဥ်အလာ အမျိုးသားရေးစံနှုန်းတွေကို ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့နေစေဖို့ရည်မှန်းပြီး အမျိုးသားယဥ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းတွေကို နိုင်ငံ တော်က အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံးပါဝင်ဆင်နွှဲသည့် အဆင့်မြင့်ဆုံး အမျိုးသားရေး အားထုတ်မှုတစ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

ကမ္ဘာ့အလယ်တွင် တစ်မူထူးခြားစွာတည်ရှိနေသည့် မြန်မာ့ရိုးရာယဥ်ကျေးမှု အနုသုခုမပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဥ်ကျေးမှုအား မြတ်နိုးတန်ဖိုးထားလာစေရေး၊မိမိနိုင်ငံနှင့် လူမျိုး၏ အမျိုးဂုဏ်ဇာတိဂုဏ်ကိုသိရှိနားလည်ပြီး မိမိနိုင်ငံနှင့်လူမျိုး၏ ကောင်းကျိုးချမ်းသာကို မြှင့်တင်ပေးလိုသည့် ဇာတိသွေး၊ ဇာတိမာန် ရှင်သန်နိုးကြားထက်မြတ်လာစေမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here