မော်လမြိုင်မြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက် တမ်းရှိ အ.ထ.က(၉)ကျောင်း ဒုတိယအကြိမ်ထပ်မံမီးလောင် ၂ ထပ်ကျောင်းဆောင်နှင့်ဓမ္မာရုံပျက်စီးဆုံးရှုံး

0
227

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းပဲတန်းရပ်ကွက်ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အ.ထ.က (၉)ကျောင်းတွင် အောက်တိုဘာ ၂၅ ရက်(ယနေ့) နံနက်အစောပိုင်းက ဒုတိယအကြိမ်ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်ခန့်မှစတင်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၄၇ မိနစ်၌ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

“မီးကအရမ်းများတယ် မီးသတ်ကားတွေကော မီးသတ်တပ်ဖွဲ့ဝင်တွေကော လူမှုကူညီရေးအသင်းဝင်တွေကော လူဦးရေများများနဲ့ဝိုင်းငြှိမ်းတာ ၁ နာရီကျော်လောက်မှ မီးထိန်းနိုင်ခဲ့တယ် ကျွန်တော်တို့လောင်ပြင်ကပြန်ထွက်လာတဲ့အချိန်အထိ မီးထိန်းနိုင်တဲ့အနေအထားမှာပဲရှိသေးတယ် လုံးဝမီးငြိမ်းသွားအောင် နောက်ထပ် တစ်နာရီလောက်ငြှိမ်းမှ မီးအလုံးစုံငြိမ်းသွားတာ ဖြစ်စဥ်ကိုမီးသတ်ကစစ်ဆေးနေပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် အ.ထ.က(၉)ကျောင်းရှိ ၂ ထပ်ကျောင်းဆောင်တစ်ဆောင်နှင့်ဦးသာညှင်းဓမ္မရုံတို့ ပျက်စီးဆုံးရှုံးခဲ့ကာ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ အ.ထ.က(၉)ကျောင်းသည် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်ကာ ပြီးခဲ့သည့် သြဂုတ် ၃ ရက်ညပိုင်းကလည်း ပထမအကြိမ်မီးလောင်မှုဖြစ်ပွားခဲ့၍ Level 4 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here