တရုတ်ကာကွယ်ရေးဝန်ကြီးအား ရာထူးမှဖယ်ရှား

0
291

ပေကျင်း၊အောက်တိုဘာ ၂၄

တရုတ်နိုင်ငံသည် ကာကွယ်ရေးဝန်ကြီးမစ္စတာလီရှန်ဖူအား ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံတော် ကောင်စီဝင်ရာထူးမှဖယ်ရှားလိုက်ပြီဖြစ်ကြောင်းသိရှိရပြီး ယခုတစ်ကြိမ်သည် သုံးလတာကာလအတွင်း အကြီးတန်းရာထူးရှိပုဂ္ဂိုလ်များအား ဒုတိယအကြိမ်မြောက်ဖယ်ရှားခြင်းလည်းဖြစ်သည်။

မစ္စတာလီရှန်ဖူမတိုင်မီကလည်း နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်သူ မစ္စတာချင်ဂန်အား ပြီးခဲ့သည့်ဇူလိုင်လက ရာထူးမှဖယ်ရှားခဲ့သေးသည်။ တရုတ်နိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်အမတ်များက ၎င်းတို့နှစ်ဦးအား ရာထူးမှဖယ်ရှားရန်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV ကဖော်ပြခဲ့သည်။

ယခုအချိန်အထိ မစ္စတာလီရှန်ဖူအား ရာထူးမှဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်တစ်စုံတစ်ရာမရှိသေးသလို ၎င်း၏နေရာ၌မည်သူ့အား ခန့်အပ်မည်ကိုမသိရသေးပေ။

လက်ရှိအချိန်တွင် ကာကွယ်ရေးဝန်ကြီးအား ခန့်အပ်ထားခြင်းမရှိသေးသောတရုတ်နိုင်ငံသည် လာမည့် အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်နေ့ကာလများတွင် နိုင်ငံတကာ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ပေကျင်း၌လက်ခံကျင်းပသွားရန်လည်းရှိနေသည်။

အသက် ၆၅ နှစ်အရွယ်ရှိမစ္စတာလီသည် လွန်ခဲ့သည့်နှစ်လခန့်ကာလကတည်းက အများမြင်ကွင်းမှပျောက်ကွယ်နေခြင်းဖြစ်ကာ ဗီယက်နမ်၌ကျင်းပသည့် အစည်းအဝေးတစ်ခုကိုလည်း မတက်ရောက်ခဲ့ပေ။

ရိုက်တာသတင်းဌာန၏တင်ပြချက်တစ်ခု၌မူ မစ္စတာလီသည် လာဘ်စားမှုတစ်ခုဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်ဟုလည်းသိရသည်။ မစ္စတာလီသည် ၎င်း၏ရာထူးအား ပြီးခဲ့သည့်မတ်လတွင် ခန့်အပ်ခြင်းခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here