အလှူခွင် ရာသီ စရောက်လာသော အညာတစ်ခွင်တွင် အလှူဝတ်လှည့်များတွေ့မြင်နေကြရပြီဖြစ်သည်။ပုံပါအလှူလှည့်မြင်ကွင်းမှာ ယနေ့ နံနက်မန္တလေးတောင်ခြေတွင်တွေ့ရပုံဖြစ်သည်။
မန္တလေးကျောက်တော်ကြီး ဘုရားပွဲလည်းစတင်နေပြီဖြစ်၍မန္တလေးတောင်ခြေတစ်ဝိုက် စည်းကား
လျှက်ရှိကြောင်းကို တမြို့လုံးက စကားလက်ဆင့်ကမ်းလျှက်ရှိကြသည်။
“ဒီနှစ်ကျောက်တော်ကြီး ဘုရားပွဲစျေးက ညနေ ၃ နာရီကစပြီး ည၁၂ နာရီထိ တိုးမပေါက်အောင်စည်နေတာ၊ မြန်မာမုန့်ဆိုင်တွေလည်းမရောင်းရတဲ့ဆိုင်မရှိလောက်အောင်ပဲ”ဟု မန္တလေးတောင်ခြေဘိုးဘိုးကြီးနတ်နန်းအတက်ရှိပန်းဆိုင်များထံမှ သိရသည်။
သီတင်းကျွတ်လဆန်း(၁၃)ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၇)ရက်နေ့အထိကျင်းပသောကျောက်တော်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးသည်မန္တလေးမြို့၏အစည်းကားဆုံးနှင့်ရက်အကြာဆုံးသောပွဲတော်ကြီးတစ်ပွဲဖြစ်သည်။
မင်းတုန်းမင်းတရားကြီးကိုယ်တိုင်တည်ထားခဲ့သောကျောက်တော်ကြီးဘုရား၏ဘွဲ့တော်မှာ မဟာသကျမာရဇိန်ဖြစ်သည်။
သီတင်းကျွတ်လပြည့်တွင်တော့ကုန်းဘောင်ဆက်တို့၏ဘုရားများတွင် ဆီမီး ပူဇော်ထွန်းညှိကြသည့်ဓလေ့ကလည်းတည်ဆဲပင်။
ကလေးကော လူကြီးများအတွက်ပါ ပျော်စရာ ဝယ်စရာ စားစရာ များလှသည့် ဘုရားပွဲစျေးပင်ဖြစ်သည်။ အညာမြေချစ်သူများ၏ ငယ်ဘဝမမေ့နိုင်စရာ ဘုရားပွဲကြီးဖြစ်ကြောင်း သူတို့အားလုံး၏နှလုံးခုန်သံများကပြောပြနေကြလိမ့်မည်ဖြစ်သည်။