ရုရှားနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းမှု မြှင့်တင်မည်

0
215

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်နှင့် မြန်မာနိုင်ငံတို့အကြား ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်၊ ပရိဘောဂနှင့် အထည်ချုပ်ကဏ္ဍတို့တွင် ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းမှုမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich နှင့် အဖွဲ့ဝင်များသည် ဆန်စပါး၊ ရေထွက်ကုန်၊ ပဲမျိုးစုံနှင့်နှမ်း၊ သစ်နှင့်ပရိဘောဂကဏ္ဍ ၊ အထည်ချုပ်ကဏ္ဍတို့မှ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှုအသင်းချုပ်တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

”ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လာရောက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ ဆန်စပါး၊ပဲ၊ ပြောင်း၊နှမ်း၊ သစ်နဲ့ပရိဘောဂ၊ ငါးလုပ်ငန်းတွေက စိန့်ပီတာစဘတ် အတွက် အကျိုးရှိတဲ့ လုပ်ငန်းများဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးအတွက်လည်း အထူးအကျိုး ရှိပါတယ်။ တင်ပို့တဲ့အခါ တတ်နိုင်သမျှ အခက်အခဲတွေရှိရင်လည်း ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟုရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich က ပြောကြားခဲ့သည်။

မြန်မာ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ငါးနှင့် ရေထွက်ပို့ကုန်ကဏ္ဍ၊ သစ်နှင့်ပရိဘောဂ ကဏ္ဍတို့မှ ပို့ကုန်လုပ်ငန်းရှင်များမှ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့မှု အခြေအနေ၊ တင်ပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့မှ ရုရှားနိုင်ငံသို့ တိုက်ရိုက်တင်ပို့မှု၊ Phytosanitary ညှိနှိုင်းစေလိုမှု၊ ပုစွန်ဖြူ Sea Prawn (White)၊ အေးခဲ ငါးပုစွန်ဂဏန်းများ စိန့်ပီတာစဘတ်မြို့သို့ တင်ပို့လိုမှု၊ ကြိမ်နှင့်ဝါး၊ သစ်နှင့်ပရိဘောဂများ ချိတ်ဆက်တင်ပို့မှု၊ ရောင်းသူ ဝယ်သူများအကြား ငွေပေးချေမှုစနစ်နှင့် ရုရှားအထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရင်းနီးမြှုပ်နှံရန် အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် နှစ်စဉ် ”စိန့်ပီတာစဘတ်ဖိုရမ်”ကို ကျင်းပပြုလုပ်ပြီးနိုင်ငံပေါင်း (၃၀)ခန့်မှ ကုန်စည်များအပြန်အလှန်ဖလှယ်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် ပြခန်းများကိုလည်း အခမဲ့ပြသခွင့်ပေးသွားမည်ဖြစ်ပြီး ရောင်းဝယ် ဖောက်ကားမှုများ ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနေ့ (Day of Myanmar) ကိုလည်း စိန့်ပီတာစဘတ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် Kronshtadt မြို့၏ သင်္ဘောဆိပ်ကမ်းတွင် ရေလမ်းကြောင်းမှတင်ပို့၊တင်သွင်းလာသော ကုန်ပစ္စည်းများကို စစ်ဆေးခြင်း၊ ကုန်စည်များကို တဆင့်ပြန်လည်ပို့ခြင်း၊ အချိန်ကုန် သက်သာ၍ သယ်ယူပို့ဆောင်ရေး ခရီးလမ်း ချောမွေ့ခြင်း၊ ဆိပ်ကမ်းကုန်တင်ကုန်ချအတွက် နောက်ဆုံးပေါ်နည်းပညာများလည်းရှိခြင်းတို့ကြောင့် မြန်မာကုန်သည် လုပ်ငန်းရှင်များ ပို့ကုန်၊သွင်းကုန်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့သည့်အပြင်လူငယ်စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ကြိုဆိုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here