ဂူတာရက်စ်၏ ပြောကြားချက်ကြောင့် ကုလသမဂ္ဂ အရာရှိများအား ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းမည်ဟု အစ္စရေးဆို

0
234

ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား ပဋိပက္ခနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောကြားချက်များ မှတ်ချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ အရာရှိများအား အစ္စရေးမှ ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဂျီလက်အာဒန်က ပြောကြားခဲ့သည်။

“သူ (ဂူတာရက်စ်) ရဲ့ မှတ်ချက်ကြောင့်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို ဗီဇာထုတ်ပေးဖို့ ငြင်းဆိုသွားမှာပါ” ဟု အာဒန်က ပြောကြားခဲ့သည်။

“ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး မာတင် ဂရစ်ဖစ်ရဲ့ ဗီဇာကို ကျွန်တော်တို့ ငြင်းဆိုထားပြီးပါပြီ” ဟု အာဒန်က ဆက်လက်ပြောကြားခဲ့သည်။ “သူတို့ကို သင်ခန်းစာပေးဖို့ အချိန်ရောက်လာပြီ” ဟုလည်း ၎င်းက ဆိုသည်။

အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို ဆွေးနွေး မိန့်ခွန်းပြောကြားရာတွင် မစ္စတာ ဂူတာရက်စ်က ဂါဇာတွင် နိုင်ငံတကာ ဥပဒေများအား ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုများရှိနေသဖြင့် ယင်းတို့ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေးတပ်များ ဝိုင်းရံထားသည့် ကမ်းရိုးတန်းဒေသအား ဗုံးကြဲတိုက်ခိုက်ခြင်းကို ခေတ္တရပ်ရန်နှင့် အကူအညီများ ပိုမိုခွင့်ပြုရန် အစ္စရေးအစိုးရအား ထပ်လောင်းဖိအားပေးခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသ စစ်ပွဲနှင့်ပတ်သက်၍ ဂူတာရက်စ်၏ အပြင်းထန်ဆုံး မှတ်ချက်တွင် အရပ်သားများ၏ ဘေးကင်းရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း ဂူတာရက်စ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အင်္ဂါနေ့ကပြောကြားခဲ့သည်။

“အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုတာဟာ သူတိုကို လူသားဒိုင်းတွေအဖြစ် သုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး” ဟု ကုလအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး “အမိုးအကာမရှိ၊ စားစရာမရှိ၊ ရေလဲမရှိ၊ ဆေးဝါးနဲ့ လောင်စာလဲမရှိတဲ့ တောင်ဘက်ဒေသတွေဆီကို လူ ၁ သန်းကျော် ရွှေ့ပြောင်းဖို အမိန့်ပေးရမယ်လိုဆိုလိုတာလဲမဟုတ်ပါဘူး။ ပြီးတော့လဲ တောင်ပိုင်းကို ဗုံးတွေ ဆက်တိုက်ကြဲသေးတယ်”ဟု ဂူတာရက်စ်ကပြောသည်။

တာရက်စ်၏ မှတ်ချက်များသည် အစ္စရေးဖက်မှ ဒေါသတကြီးတုန့်ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန် ဂျီလက်အာဒန်က ဂူတာရက်စ်၏ မှတ်ချက်များသည် တုန်လှုပ်ဖွယ်ရာဖြစ်ပြီး၊ ဂူတာရက်စ်အား တာဝန်မှအနားယူရန် တောင်းဆိုနေစဉ်တွင်၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟင်ကလည်း ဂူတာရက်စ်အား ဆန္ဒပြသည့်အနေဖြင့် အစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် အီလီကိုဟင်သည် ဂူတာရက်စ် နှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုများကိုပါ ဖျက်သိမ်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here