MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ပါက စီးပွားရေးမတည်ငြိမ်သည့်ကြားကာလများမှာပင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းကျောင်းပေးနိုင်စွမ်းရှိကြောင်း နစက ဒု-ဥက္ကဋ္ဌပြော

0
184

မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပတ်သက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ (၂၅) ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃)သို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ရေခံမြေခံ၊ ပထဝီအနေအထားနှင့် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး အေးချမ်းသာယာ စည်ပင်ဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတော်တည်ဆောက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်သော့ချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍများစွာရှိအနက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းသည်လည်း အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ်ပါဝင်နေသည်ဟုလည်း ဆိုသည်။

MSME လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်၍ ၎င်းတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည်ဟု ပြောသည်။

“MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရင် စီးပွားရေးမတည်ငြိမ်တဲ့ ကြားကာလတွေမှာတောင် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိန်းကျောင်းပေးနိုင်စွမ်းရှိပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

နစက ဥက္ကဋ္ဌနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ MSME လုပ်ငန်းရှင်များတွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏တင်ပြချက်များအရ အများအားဖြင့် နည်းပညာ၊ငွေကြေးအရင်းအနှီး၊ဈေးကွက်၊ကုန်ကြမ်း၊စက်ပစ္စည်းနှင့်မြေနေရာလိုအပ်ချက်များရှိနေသည်ကိုတွေ့ရှိရသည်ဟု ပြောသည်။

ထို့ကြောင့် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး ပြည်သူလူထုအတွက် ထုတ်ကုန်များစွာအား ဒေသအသီးသီးရှိ MSME များမှထုတ်လုပ်ပေးခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကိုအခြေခံ၍ အခြားကဏ္ဍများဖြစ်သည့် ပြည်တွင်း၊ပြည်ပရောင်းဝယ်မှုနှင့်ဝန်ဆောင်မှုကဏ္ဍများကိုလည်း ဘက်စုံတိုးတက်လာစေရန်ဆောင်ရွက်သွားကြရမည်ဟု နစက ဒု-ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here