လားရှိုးနှင့် သာစည်မြို့နယ်တို့တွင် အသက် (၁၉) နှစ်အရွယ်အပါအဝင် အမျိုးသမီး (၆) ဦးထံမှ ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

0
266

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် မန္တလေးတိုင်း၊သာစည်မြို့နယ်တို့တွင် အောက်တိုဘာ (၂၄) ရက်နှင့် (၂၅) ရက်တို့က အသက် (၁၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး (၆) ဦးအား ငွေကျပ် ၁၇၅၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ၊ ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ (၂၄) ရက်ည (၈)နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့၊ရပ်ကွက်(၁)နေ မနန်းမွေအေး(၃၂)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းနှင့်အတူ မနန်းဖြုဖြူအေး(ခ)နောင့်လောဝ်(၁၉)နှစ်အား နေအိမ်အတွင်းမှ ငွေကျပ် ၁၅၀၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) (၃) ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ထို့ကြောင့် လားရှိုးမြို့မရဲစခန်းက ၎င်းတို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ (၂၅) ရက် နံနက် (၅) နာရီခွဲကျော်ခန့်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့မောင်းနှင်လာသည့်ခရီးသည်တင်ကားအား တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ခရီးသည်တင်ကားပေါ်တွင်လိုက်လာသည့် ခရီးသည် မခင်ဖြူလေး(ခ)ဖြူလေး(၂၆)နှစ်၊ မအေးသန်း(၃၉)နှစ်၊ မ၀မ်း(၃၅) နှစ်နှင့် မနမ်းဝေ(၃၄)နှစ်တို့ထံမှ ငွေကျပ် (၂၅၂) သိန်းတန်ဖိုးရှိ ဘိန်းစိမ်း (၂၈)ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသူ (၄) ဦးအား သာစည်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here