ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ်နှင့်ပြည်သူ့ရင်ပြင် မြေအောက်လမ်းကူးလူသွားဥမင်တည်ဆောက်ခြင်း ရတနာပန္နက်တော်တင် အခမ်းအနားကျင်းပ

0
313

ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်၊ဦးဝိစာရလမ်းရှိ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ်နှင့်ပြည်သူ့ရင်ပြင်အားဆက်သွယ်မည့် မြေအောက်လမ်းကူးလူသွားဥမင်တည်ဆောက်ခြင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၂၆ ရက် (ယနေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တသီရိန္ဒဒဂုံမြို့နယ် အလံပြကျောင်းဆရာတော်အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်တော်မူကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များက မြေအောက်လမ်းကူးလူသွားဥမင်တည်ဆောက်ရာတွင် အသုံးပြုမည့်ရတနာပန္နက်တော်တော်များကိုပရိတ်ရည်များဖြန်းပေးတော်မူခဲ့ကြသည်။

အဆိုပါ ရတနာပန္နက်တော်တော်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က တစ်ပြိုင်တည်းစိုက်ထူပေးခဲ့ကြသည်။

မြေအောက်လမ်းကူးလူသွားဥမင်အား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်မှ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရွှေတိဂုံ စေတီတော်နှင့်ပြည်သူ့ရင်ပြင်သို့ သွားလာရာတွင် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရန်၊သက်သောင့်သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့်ခေတ်မီအခြေခံအဆောက်အဦးတစ်ခုထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်သည်။

မြေအောက်လမ်းကူးလူသွားဥမင်သည် အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက် ပေါက် ၄ ခု၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန် စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီး ၂ စင်းပါဝင်ကာ စီမံကိန်းကာလမှာ ၁၄ လခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

Photo-ကိုအောင်မြင့်


LEAVE A REPLY

Please enter your comment!
Please enter your name here