နယ်စပ်ကုန်သွယ်ရေးနှင့်အိမ်နီးချင်းနိုင်ငံများချစ်ကြည်ရေးကိုအဘယ့်ကြောင့်အလေးထားသင့်ကြောင်း နစက ဥက္ကဋ္ဌပြော

0
272

မြန်မာနှင့်အမေရိကန်သည် ရန်ဘက်နိုင်ငံများမဟုတ်သလိုစစ်ဖြစ်ပွားဖူးခြင်းလည်းမရှိပါ

မြန်မာ့နိုင်ငံရေးရှုပ်ထွေးမူကို SEATO ဖြစ်စဥ်နှင့်ဆက်စပ်ကြည့်စေလို

မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည် “ကြက်ဥအရောင်တိမ်တောင်သဖွယ်၊မင်းရေးကျယ်”ဆိုသကဲ့သို့ ရှုပ်ထွေးမှုများရှိဟု နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး(၅/၂၀၂၃)သို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးကိုလွတ်လပ်ရေးမရမီကတည်းက ရှုပ်ထွေးအောင် ကြိုတင်ဆောင်ရွက်မှုများလည်း ရှိနိုင်ကြောင်း၊ နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန်နှင့် အချိန်ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်အရေးနှင့် နိုင်ငံရေးလမ်းစဉ်များကို ထိုအချိန်က အမျိုးသားရေးနှင့် နိုင်ငံရေး ဦးဆောင်နေသည့် ခေါင်းဆောင်များ၏ စိတ်ကြိုက်ချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်တွင်လည်း ၎င်းအတိုင်းပင်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှစဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိကြောင်း ပြောသည်။

“မြန်မာနဲ့အမေရိကန်ဟာ ရန်ဘက်နိုင်ငံတွေမဟုတ်ပါဘူး၊ စစ်ဖြစ်ပွားဖူးခြင်းလည်းမရှိပါဘူး၊ ယုတ်စွ အဆုံး အရှေ့တောင်အာရှမှာ အမေရိကန်ကျူးကျော်မှုကြောင့်ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ်စစ်ပွဲမှာတောင် မြန်မာတို့ကပါဝင်ပတ်သက်မှုမရှိခဲ့ပါဘူး ၊သို့သော် ဒီနေ့ကာလအထိ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ရန်သူလိုသဘောထားခြင်းဟာ ကြီးမားတဲ့နောက်ခံအကြောင်းရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦး ဆောင်သည့် SEATO အဖွဲ့အား ၁၉၅၄ ခုနှစ်တွင်ဖွဲ့ စည်းခဲ့ကာ ၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင်အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ဇွန်လတွင် အဖွဲ့ကိုဖျက်သိမ်းခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ်များခွဲထွက်ခွင့် ၎င်းအပေါ်မူတည်၍ ၁၉၆၁-၁၉၆၂ ခုနှစ်တွင်ဖြစ်လာသည့် ပြည်နယ် များ၏တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့်ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကိုသဘောပေါက်နိုင်မည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့မဖြစ်အောင်ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာမြင်သာသည့် အကြောင်းအရာပင်ဖြစ်ပြီး လက်ရှိတွင် အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေးပင်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စုအာဏာရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကာမရရှိခဲ့ပါက မြန်မာနိုင် ငံ၌ ကဏ္ဍပေါင်းစုံမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံကိုယ်တိုင်အကြမ်း ဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့်ကူညီနေကြောင်းထောက်ပြသည်။

အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ အမေရိကန်၏ဩဇာ လွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သည့် နိုင်ငံများကမိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ဘဏ္ဍာရေး၊နိုင်ငံခြားရေး ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

“မိမိတို့ဟာ ဘဏ်စနစ်တစ်ခုနဲ့ ရှင်သန်ရပ်တည်ကုန်သွယ်နေတဲ့ နိုင်ငံမဟုတ်ပါဘူး၊ မိမိတို့အနေနဲ့ မိတ်ဆွေနိုင်ငံတွေ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့ရပါတယ်၊ ဒါ့ကြောင့် ဘဏ္ဍာရေးနဲ့ကုန်သွယ်မှုကိစ္စတွေမှာ ငွေကြေးစနစ်တစ်ခု တည်းအပေါ် မှီခိုအားထားမှုမပြုဘဲ ငွေကြေးစ နစ်အမျိုးမျိုးနဲ့ အသုံးပြုနိုင်မှုကို နိုင်ငံတကာက အလေးထားလာသလို မိမိတို့လည်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေး၊အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့်ပိုမိုချစ်ကြည်ရင်းနှီးရေးကိုဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here