ရှမ်းမြောက် တိုက်ပွဲများကြောင့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်နိုင်ဟု နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူများဆို

0
338

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ် – မြန်မာနယ်စပ်အနီးရှိ ချင်းရွှေဟော်မြို့နှင့်အနီးတဝိုက်တွင် ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲများဖြစ်ပွားနေကာ အဆိုပါ တိုက်ပွဲများကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်သွားနိုင်သည့်အခြေအနေရှိကြောင်း နယ်စပ်ကုန်သွယ်ရေးသမားများက ဆိုသည်။

ယနေ့ နံနက် (၄) နာရီဝန်းကျင်က စတင်ကာ ချင်းရွှေဟော်မြို့နှင့် အနီးတဝိုက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

” ဘယ်လိုဖြစ်နိုင်လဲဆိုတော့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်တန့်သွားမှာပေါ့။ သူတို့က အကုန်ပိတ်ချလိုက်တာဆိုတော့လေ။ ပို့ကုန်ရော သွင်းကုန်ရော ရပ်သွားမယ့် သဘောရှိတာပေါ့” ဟု ကုန်သည် တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက်ပိုင်းမှ စတင်ကာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် မူဆယ်ဘက်အခြမ်း၌ အခြေအနေပုံမှန်အနေအထား ရှိနေသော်လည်း လားရှိုးမြို့နယ်အတွင်းနှင့် ကွတ်ခိုင် ၊ သိန္နီ ၊ လောက်ကိုင်လမ်းခွဲ ဝန်းကျင်တို့တွင် ဖရဲကားများ အပါအဝင် ကုန်စည်ယာဉ်များ ပိတ်မိနေကြောင်းလည်း ဒေသခံသတင်း ရင်းမြစ်များထံမှ စုံစမ်းသိရသည်။

“မူဆယ်ဘက်မှာတော့ ဘာမှမဖြစ်သေးဘူး။ လမ်းမှာတော့ ဖရဲကားတွေရော ကုန်ကားတွေပါ ပိတ်မိနေတာပေါ့နော်။ သူတို့က လားရှိုး – မူဆယ်လမ်း ၊ ကွတ်ခိုင် နောက် လောက်ကိုင်လမ်းခွဲဘက်တွေ အဲဒီဘက်တွေကတော့ အကုန် ပိတ်မိကုန်တာပေါ့” ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ကိုးကန့်တပ်အပါအဝင် ရခိုင်တပ်တော် (AA) ၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးဟု အမည်တပ်ကာ ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့အပါအဝင် လားရှိုးမြို့နယ်အတွင်းရှိ တပ်မတော်စခန်းများနှင့် ရဲကင်းစခန်းများကို တပြိုင်နက် တိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်မတော်မှလည်း ပြန်လည်ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုများလည်း အနည်းငယ်ရှိနေပြီး ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများအပါအဝင် နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

ချင်းရွှေဟော်နယ်စပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ဂိတ်များသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် အဓိက လုပ်ကိုင်နေရသည့် လမ်းကြောင်းများဖြစ်သည့်အတွက် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာမှုနှင့် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားမှုသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍကို ထိခိုက်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Photo- credit


LEAVE A REPLY

Please enter your comment!
Please enter your name here