လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားကာ နမ့်တိမ်တံတား ဖောက်ခွဲခံရပြီး မူဆယ်ဘက်အထွက်လမ်းပါ ပိတ်ထား

0
1160

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် ယနေ့ အောက်တိုဘာ (၂၇)ရက် နံနက်ပိုင်းမှစတင်ကာ မြောက်ပိုင်းမဟာမိတ်တပ်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် မူဆယ်မြု့ဘက်သို့ ထွက်သည့် လားရှိုးမြို့အထွက်ကို ပိတ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

” အခြေအနေကတော့ ကျွန်တော်တို့ လားရှိုးမြို့ထဲတော့ မဆိုးသေးဘူး။ မြို့ပြင်ပတ်ခြာလည်ကတော့ ဆိုးနေတာပေါ့။ မြို့ထဲကနေ ပြန်လှမ်းထုနေရတာပေါ့။ မူဆယ်ဘက်ထွက်တဲ့ဘက်က ကွတ်ခိုင်၊ နမ့်ဖက်ကာ ၊ နမ့်ခန်း အကုန်ဖြစ်တယ်။ ပြီးတော့ ဒီဘက် ချင်းရွှေဟော် ၊ လောက်ကိုင်ဘက်တက်တဲ့အခြမ်းလည်း ဖြစ်တယ်။ မူဆယ် အထွက်လမ်းကြောင်းကို ပိတ်ထားတယ်။ အဝင်တော့မပိတ်သေးဘူး။ရန်ကုန်မန္တလေး ဘက်အဝင်အထွက်ကတော့ ရသေးတယ်” ဟု လားရှိုးမြို့ခံ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဥ် လက်နက်ကိုင်အဖွဲ့ဝင်များမှ ဟိုပန်မြို့နယ်၊ သိန္နီ-ကွမ်းလုံ-ဟိုပန်-မိုင်းမောလမ်းပေါ်ရှိ နမ့်တိမ်တံတားအားဖောက်ခွဲဖျက်ဆီးခဲ့ကြသဖြင့် တံတားကျိုးကျသွားခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် လားရှိုးမြို့တွင်နေထိုင်သူများမှာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် နေအိမ်များအတွင်း၌သာနေထိုင်နေရပြီး လားရှိုးမြို့မှထွက်ခွာရန် ပြင်ဆင်နေကြသူများလည်းရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“တိုက်ပွဲဖြစ်တော့ လားရှိုးကနေထွက်ဖို့လုပ်သေးတယ် ပြင်ဆင်ပြီးလို့ထွက်မဲ့အချိန်ရောက်တော့ မြို့အဝင်/အထွက်တွေကိုပိတ်လိုက်ပြီလို့ကြားတယ် နောက်ပြီး လက်နက်ကြီးတွေလည်းပစ်နေတာရယ် သေနတ်တွေနဲ့လည်းပစ်နေတာရယ်ကြောင့် ထွက်ဖို့မလွယ်တော့ဘူး မတော်တဆထိမိရင် ကိုယ်ဘဲခံရမှာ အခုအိမ်ထဲမှာပဲ ပုန်းနေရတယ် “ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရဲစခန်းတစ်ခုရှိ ရဲတပ်ဖွဲ့ဝင်အားလုံးကျဆုံးခဲ့ပြီး AT တံတား၊ ကချင်ကုန်းတိုးဂိတ်နှင့် ဟိုပိတ်တိုးဂိတ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် ပစ်ခတ်မှုအများဆုံးရှိနေကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးလေယာဥ်ကွင်းကိုလည်း အသုံးပြုခွင့်ပိတ်ထားခဲ့ကာ လုံခြုံရေးအဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်မှုများပြုလုပ်ကာ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ ယာယီပိတ်ထားတယ်လို့ကြားတယ်။ လက်မှတ်တွေကိုလည်း ပြန်အမ်းပေးနေတယ်။ တိုက်ပွဲက တော်‌တော်လေးပြင်းထန်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ယနေ့ နံနက် (၄) နာရီခန့်မှစ၍ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံ့အပြားတွင် ကိုးကန့်တပ် (MNDAA)အပါအဝင် တအာင်းတပ် (TNLA) နှင့် ရခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here