ရှမ်းမြောက် လားရှိုးမြို့ အဝင်အထွက်လမ်းများ အောက်တိုဘာ (၂၈) ရက် နံနက်ပိုင်းတွင် ပုံမှန်အတိုင်း သွားလာနိုင်ပြီ

0
338

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အဝင်အထွက်လမ်းများ ယနေ့ အောက်တိုဘာ (၂၈) ရက် နံနက်ပိုင်းတွင် ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း လားရှိုးမြို့ခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ထို့အပြင် ဟိုပိတ်တိုးဂိတ်မှာလည်း ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ပြီး လားရှိုး – မန္တလေးလမ်းပိုင်းမှာလည်း ပုံမှန်အတိုင်း ယာဉ်များ သွားလာလျက်ရှိနေပြီး လားရှိုးမြို့မှ မူဆယ်မြို့အသွားဘက်အခြမ်းတွင်တော့ ယာဉ်အသွားအလာ မရှိသေးကြောင်း သိရသည်။

လားရှိုးမြို့တွင် မာရှယ်လောထုတ်ပြန်ထားပြီး ပေါ်တာဆွဲမှုများ လုပ်ဆောင်နေသည်ဆိုသည့်သတင်းများထွက်‌ပေါ်နေသော်လည်း အဆိုပါ သတင်းများမှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောဆိုထားသည်။

လားရှိုးမြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့အချို့တွင် ယမန်နေ့ အောက်တိုဘာ(၂၇) ရက် နံနက်ပိုင်းက စတင်ကာ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲအရှိန်ကြောင့် လားရှိုးမြို့အတွင်း၌ သွားလာသူ မရှိဘဲ တိတ်ဆိတ်နေပြီး ခြေနေစောင့်ကြည့်နေရသောကြောင့် လူစည်ကားမှု နည်းနေသေးကြောင်း သိရသည်။

“ညပိုင်းတစ်ကျော့ တိုက်ပွဲဖြစ်နေကြတာ မြိုထဲနဲ့တောင်ကပ်လာတယ်။ မြို့ကြီးက ခြောက်ကပ်တိတ်ဆိတ်ပြီး ဆိုင်တွေ တော်တော်များများလဲ ပိတ်ကုန်တယ်။ ဒီနေ့လက်ရှိ အခြေအနေတော့ ငြိမ်သွားပါပြီ”ဟု လားရှိုးမြို့ခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လားရှိုး – မူဆယ်လမ်းပိုင်းနှင့် လားရှိုး – ချင်းရွှေဟော် လမ်းပိုင်းကို MNDAA တပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်းက စတင်ကာပိတ်ထားပြီး မည်သည့် ယာဉ်မှ ဖြတ်သန်းသွားလာခြင်း မပြုရန် ညွှန်ကြားထားသည်။

အောက်တိုဘာ (၂၇) ရက် တိုက်ပွဲခြေနေမှာ လားရှိုးမြို့တွင်း ခြေနေ မဆိုးသေးကြောင်းနှင့် မြို့ပြင် ပတ်ခြာလည် မူဆယ်ထွက်သည့်ဘက် ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင်ဘက် တက်သည့် အခြမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ခံ တစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောကြားထားသည်။

အောက်တိုဘာ (၂၇)ရက် နံနက်ပိုင်းက စတင်ခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲ ဖြစ်ပွားသည့် ဧရိယာအတွင်းရှိ နေရာအချို့မှ ဒေသခံ (၁၈၀၀) နီးပါးမှာလည်း လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ တိုက်ပွဲရှောင်ရန်ရောက်ရှိလာကြကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်၊ (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း အောက်တိုဘာ (၂၅) ရက် ညနေပိုင်းမှ စတင်ကာ တိုက်ပွဲများဖြစ်ပေါ်လျက်ရှိသဖြင့် စစ်ဘေးရှောင်ပြည်သူ (၁၅၆) ဦးမှာ တိုက်ပွဲနှင့် လွတ်ကင်းသည့် နောင်ပိန်ဘက်သို့ တိမ်းရှောင်လာကြကြောင်းလည်း သိရသည်။

အောက်တိုဘာ (၂၇)ရက် နံနက် (၄) နာရီခန့်မှ စတင်၍ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ် (MNDAA)အပါအဝင် တအာင်းတပ် (TNLA)၊ ရခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Photo – Nay Myo


LEAVE A REPLY

Please enter your comment!
Please enter your name here