လားရှိုးမြို့အနီးတွင် ယနေ့ နေ့လယ်ပိုင်းမှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ

0
2412

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့ပြင်ဘက်တွင် ယနေ့ အောက်တိုဘာ (၂၈)ရက် နေ့လယ်ပိုင်းမှ စတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားနေပြီး အပြန်အလှန်ပစ်ခတ်သံများကို လားရှိုးမြို့ထဲမှ ကြားနေရကြောင်း လားရှိုးမြို့ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အခြေအနေတည်ငြိမ်နေရာမှ နေ့လယ်(၂)နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ကြားလာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“မနက်က လမ်းတွေ ပြန်ပွင့်တယ်။ အခု နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုတွေပြန်ဖြစ်နေတယ်။မြို့ထဲအထိတော့ မဖြစ်ဘူး။ မြို့ပြင်ပတ်ဝန်းကျင်မှာ တော်တော်လေးကို ဖြစ်နေတာ။ မြို့ထဲအခြေနေကတော့ မနက်ပိုင်းကတော့ အေးအေးဆေးဆေး သွားသွားလာလာပဲ။ ပုံမှန်ပဲ ဆိုင်တွေလည်းဖွင့်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက်အစောပိုင်းက စတင်ကာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် မြန်မာ့တပ်မတော်အကြား လားရှိုးအပါအဝင် ရှမ်းမြောက် ဒေသအချို့တွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အရပ်သား ထိခိုက်‌ေ-သဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

ယမန်နေ့က တိုက်ပွဲအရှိန်ဖြင့် စိုးရိမ်မှုများကြောင့် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည့် လားရှိုးမြို့တွင်း၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်သွားလာမှုများ ရှိနေပြီး မူဆယ်နှင့် ချင်းရွှေဟော်ဘက်အထွက်လမ်းများမှအပ ကျန်လားရှိုးမြို့အဝင်အထွက်လမ်းများလည်း ပုံမှန်အတိုင်း ပြန်လည် သွားလာနေကြပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောစကားအရ သိရသည်။

လက်ရှိတွင် ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိနေရကြောင်း ဒေသတွင်း လူမှုကူညီရေး အသင်းများ ထံမှ စုံစမ်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here