ရှမ်းမြောက်တိုက်ပွဲကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းကို ထိခိုက်မှုမရှိသော်လည်း နိုင်ငံပုံရိပ်ကျဆင်းစေကြောင်း ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌပြော

0
180

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားလုပ်ငန်းကို ထိခိုက်မှုမရှိသော်လည်း နိုင်ငံပုံရိပ်ကိုကျဆင်းစေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“ဒီဖြစ်စဉ်ကြောင့် လတ်တလောမှာတော့ ခရီးသွားလုပ်ငန်းကို မထိခိုက်သေးဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတာပေါ့။ ပြည်ပခရီးသွားတွေအနေနဲ့ကလည်း ခရီးစဉ်တွေကို ဝယ်ပြီးသားဖြစ်နေပြီ။ လက်ရှိအချိန်ထိတော့ ခရီးစဉ်ဖျက်သိမ်းတာမရှိသေးဘူး”ဟု ဦးနောင်းနောင်းဟန်ကပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ယမန်နေ့ နံနက်အစောပိုင်းမှစတင်ကာ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအချို့တွင် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် ရခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့မှ မြန်မာ့တပ်မတော် တပ်စခန်းများကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများဖြစ်​နေခြင်း ဖြစ်သည်။

“ကမ္ဘာလှည့်ခရီးသည်စောင့်ရှောက်ရေးရဲတပ်ဖွဲ့တွေ ရှိပါတယ်။ အဲဒီကနေပြီးတော့ ဒီခရီးသည်တွေရဲ့ လုံခြုံရေးအတွက်ကို သူတို့က အပြင်စည်းလို့ပြောရမှာပေါ့။ အဝေးကနေပြီးတော့ လိုက်လံစောင့်ရှောက်တာမျိုးတွေ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ လာတာလည်းအများကြီးတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ လာသလောက်ကိုတော့ လုံခြုံရေးအရစီမံဆောင်ရွက်ပေးနိုင်သေးတယ်”ဟု ၎င်းကထပ်မံပြောကြားထားသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်တပ်စခန်းအချို့ သိမ်းပိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားအချို့ ကျဆုံးမှုရှိခဲ့ကြောင်း နှစ်ဖက်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here