ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း နစကဘက်က အတည်ပြု

0
419

သမ္မတ ဦးသိန်းစိန် လက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့်  ဦးရဲထွဋ်ကို ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း နစက၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအား အတည်ပြုပြောကြားထားသည်။

ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အောက်တိုဘာလ (၂၈) ရက် ညပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်၊စောရန်ပိုင်အရှေ့ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးပြီးနောက် အလုံမြို့မရဲစခန်းမှ (ပ ) ၂၁ ၆/၂၀၂၃ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဦးရဲထွဋ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ သရော်ခြင်း၊ ဝေဖန်ရေးသားခြင်းနှင့် ထောက်ပြပြောဆိုခြင်းများကို ၎င်း၏ လူမှုကွန်ရက်မှတဆင့် လုပ်ဆောင်နေသူဖြစ်ပြီး အဆိုပါ ပြောဆို ရေးသားမှုများအပေါ်  ဝေဖန်မှုများလည်း ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်သားဟောင်း တစ်ဦး၏ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို လူမှုကွန်ရက်တွင် မှတ်ချက်ပြုရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် တပ်မတော်ထောက်ခံသူများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဦးရဲထွဋ်အား ဖမ်းဆီးရန် လှုံ့ဆော်မှုများရှိနေခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လှုံ့ဆော်မှုများ ထွက်ပေါ်ပြီးနောက် ဦးရဲထွဋ်အား မဟုတ်မမှန်သတင်းများ ဖြန့်ဝေမှု ၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုတို့ဖြင့် ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here