ဂျပန်နိုင်ငံ ရှိဘုယခရိုင်၌ ဟောလိုးဝင်းပွဲကျင်းပခြင်းအားကန့်သတ်

0
314

တိုကျို၊အောက်တိုဘာ ၃၁

ဂျပန်နိုင်ငံတိုကျိုရှိ အထင်ကရနေရာများထဲမှတစ်ခုဖြစ်သည့် ရှိဘုယခရိုင်၌ လာရောက်လည်ပတ်သူဧည့်သည်များဘေးကင်းစေရန် ဟော်လိုဝင်းနေ့တွင်လိုက်နာရမည့် ညွှန်ကြားချက်များထုတ်ပြန်ထားကြောင်းသိရသည်။

မြို့ပေါ်လမ်းမ၌ အရက်သေစာသောက်စားခြင်းနှင့် ဟောလိုးဝင်းအထိမ်းအမှတ်ပွဲများကျင်းပခြင်းမပြုရန် မြို့အနှံ့တွင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲထားကြောင်းသိရသည်။

“ရှိဘုယလမ်းမများသည် ဟောလိုးဝင်းပွဲကျင်းပရန်နေရာများမဟုတ်” ဟု မြို့တော်ဝန်ကပြောကြားခဲ့ပြီး ဟောလိုးဝင်းပါတီအတွက် ရှိဘုယသို့လာလည်မည့်ဧည့်သည်များအနေဖြင့်လည်း ယခုနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ လုံခြုံရေးတင်းကြပ်ထားမည်ဖြစ်ရာ ဟိုယခင်ကကဲ့သို့ပျော်စရာကောင်းမည်မဟုတ်ဟုဆိုခဲ့သည်။

ဒေသခံအချို့ကလည်း ဟောလိုးဝင်းပါတီအထိမ်းအမှတ်ဟုဆိုကာ အများမြင်ကွင်းလမ်းမများထက်၌ သောက်စားပျော်ပါးနေကြခြင်းသည်အမြင်မသင့်တော်သဖြင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်းလည်းဆိုခဲ့သည်။

အများစုမှာလည်း ကိုဗစ်စည်းမျဉ်းဖြေလျော့လိုက်ချိန်၌ ပြည်ပခရီးသွားများနှင့်ဒေသတွင်းလူအများစုဝေးမှုများပြားလာပြီး ယမန်နှစ်က တောင်ကိုရီးယား အီထယ်ဝန်၌ဖြစ်ပေါ်ခဲ့မှုမျိုး ဂျပန်၌ဖြစ်ပေါ်မည်ကိုလည်းစိုးရိမ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ကြသည်။

နေ့စဉ်လူဖြတ်သန်းမှုအများဆုံးနေရာအဖြစ် သတ်မှတ်ခံထားရသည့် ရှိဘုယဘူတာလမ်းဆုံသည် ပြည်ပခရီးသွားများနှင့်ဒေသခံများအကြား ဟောလိုးဝင်းပွဲကျင်းပရာနေရာအဖြစ် ၂၀၁၀ ခုနှစ်ပတ်ဝန်းကျင်မှစ၍ ရေပန်းစားလာခဲ့ခြင်းလည်းဖြစ်သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here