မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုအချိန်ကြာမြင့်ပါက ကုန်သည်နှင့်တောင်သူများအတွက် ဆုံးရှုံးမှုပိုကြီးနိုင်

0
249

တိုက်ပွဲများကြောင့် ရပ်တန့်နေသည့် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးသည် အချိန်ကာလကြာမြင့်စွာ ရပ်တန့်နေပါက ကုန်သည်နှင့် တောင်သူများအတွက် ဆုံးရှုံးမှုပိုကြီးနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” ကျွန်တော်တို့ကတော့ စောင့်ကြည့်နေတာပေါ့။ ဒီချိန်က သစ်သီးပေါ်ချိန်ကာလပေါ့။ အမြန်ဆုံး ပြန်ပွင့်စေချင်တယ်။ တောင်သူတွေလည်း အများကြီး ထိခိုက်နိုင်တယ်။ ဒီလိုပဲရပ်တန့်နေမယ်ဆိုရင် ဆုံးရှုံးမှုက ပိုများနိုင်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေခြင်းဖြစ်သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားချိန်တွင် လမ်း၌ ပိတ်မိနေသည့် ကုန်ကားထောင်နှင့်ချီရှိနေပြီး သစ်သီးဝလံကားအများဆုံးပါဝင်နေသည့်အပြင် အသီးအနှံများ ပုတ်၍ပစ်ရသည့်အတွက် ဆုံးရှုံးမှုများလည်းရှိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့ စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်းနှင့် ယင်းအပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် ဈေးကွက်အတွင်း တရုတ်ထုတ်ပစ္စည်းများ ဈေးတက်လာမည်ကို စိုးရိမ်နေ‌ကြကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here