ထိုင်ဝမ်ရေလက်ကြားသို့ ကန်နှင့်ကနေဒါသင်္ဘောများဖြတ်ကျော်လာသဖြင့် တရုတ်က တပ်လှန့်ထား

0
306

ပေကျင်း၊နိုဝင်ဘာ ၂

အမေရိကန်နှင့်ကနေဒါစစ်သင်္ဘောများက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်သွားသဖြင့် တရုပ်က တပ်လှန့်ထားကြောင်း နိုဝင်ဘာလ ၂ ရက်၊ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

Arleigh Burke အတန်းအစားဖျက်သင်္ဘော USS Rafael Peralta နှင့် ကနေဒါ တော်ဝင် ရေတပ်၏ Halifax အမျိုးအစား ဖရီးဂိတ်သင်္ဘော HMCS Ottawa တို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ ပုံမှန်လှည့်ကင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း အမေရိကန်ရေတပ်ကပြောကြားခဲ့သည်။

“ဌာနချုပ်မှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြဲသတိရှိနေကြပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့လုံခြုံရေးအပြင် ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပါ ပြတ်ပြတ်သားသားကာကွယ်သွားမှာပါ” ဟု တရုတ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဝါရင့်ဗိုလ်မှူးကြီး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမေရိကန်နှင့်၎င်း၏အနောက်အုပ်စုမဟာမိတ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်နှစ်ခုလုံးတွင် ရေတပ်သင်္ဘောများပုံမှန်ဖြတ်သန်းသွားလာခြင်းကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အဆိုပါနေရာနှစ်ခုလုံးသည် နိုင်ငံတကာရေလမ်းကြောင်းများဖြစ်ကြောင်း ပြသခဲ့သည့်အတွက် ပေကျင်းအားပိုမိုဒေါသထွက်စေခဲ့သည်။

အမေရိကန်နှင့်ကနေဒါသင်္ဘောများ ထိုင်ဝမ်ရေလက်ကြားအား ဖြတ်သန်းသွားသည်ကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်းစောင့်ကြည့်ထိန်းချုပ်နေခဲ့ပြီး အခြေအနေမှာပုံမှန်သာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here