အိန္ဒိယ၌လေထုညစ်ညမ်းမှုပိုဆိုးလာ၊ကျန်ရှိကမ္ဘာ့ဖလားခရစ်ကတ်ပွဲစဉ်များအတွက် စည်းကမ်းများထုတ်ပြန်

0
199

နူးဒေလီ၊နိုဝင်ဘာ ၂

အိန္ဒိယနိုင်ငံနူးဒေလီတွင် အဆိပ်အတောက်ဖြစ်စေနိုင်သည့် မြူခိုးများဖုံးလွှမ်းကာ အိန္ဒိယနိုင်ငံမြို့တော်အများအပြားတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွက် စိုးရိမ်မှုများလည်းမြင့်တက်လာခဲ့သည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လေထုညစ်ညမ်းမှုအား လျှော့ချရန်ကြိုးပမ်းနေသည့်ကြားမှပင် ပိုမိုဆိုးရွားလာခဲ့ခြင်းလည်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ အထူးသဖြင့်ဆောင်းရာသီတွင် လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလေ့ရှိပြီး လေထုသန့်ရှင်းမှုအရည်အသွေးကျဆင်းလာခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများမြင့်တက်လာသဖြင့် ကျောင်းများနှင့်စက်ရုံများကိုပိတ်ထားရသည်။

လက်ရှိအခြေအနေအရ နူးဒေလီအစိုးရအနေဖြင့် ဒီဇယ်ဘက်စ်ကားများဝင်ရောက်ခြင်းကိုတားမြစ်ထားပြီး အခြေအနေမတိုးတက်လာဘဲ ယခုအတိုင်းဆက်ရှိနေပါက ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ခေတ္တရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းကြောင့်လည်း ခရစ်ကတ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးရန် အိန္ဒိယမြို့ကြီးများရှိ အားကစားကွင်းများသို့ အနယ်နယ်အရပ်ရပ်မှလာကြသည့် ပရိသတ်များအတွက် ထင်သလောက်ပျော်စရာမကောင်းတော့ကြောင်းလည်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ခရစ်ကတ်ဘုတ်အဖွဲ့သည် ယခုတစ်ပတ်အတွင်းယှဉ်ပြိုင်ရန်ကျန်ရှိနေသည့် လက်ကျန်ပွဲစဉ်များအတွင်း မီးရှူးမီးပန်းများပစ်ဖောက်ခြင်းမပြုလုပ်ရန်လည်း တားမြစ်ထားခဲ့သည်။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းလေထုညစ်ညမ်းမှုကြောင့် အသက်ရှူရန်အဆင်မပြေကြောင်းလည်း လာရောက်ယှဉ်ပြိုင်နေသူအားကစားသမားများကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here