ရှမ်းမြောက် တိုက်ပွဲများကြောင့် လူဦးရေ ၆၀၀၀ ကျော်နေရပ်စွန့်ခွာ နေရ

0
318

တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လူဦးရေ ၆၂၀၀ ကျော် နေရပ်စွန့်ခွာတိမ်း‌ရှောင်နေရကြောင်း UNOCHA Myanmar ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး လမ်းများပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များပိုမို တိုးမြှင့်ခြင်းများ ပြုလုပ်နေခြင်းကြောင့် အရပ်သားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေရကြောင်းလည်း UNOCHA Myanmar ကဆိုသည်။

ထို့အပြင် တိုက်ပွဲများ ပြင်ထန်နေသည့် ဧရိယာအတွင်းရှိ ဒေသများတွင် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်မှုများ ရှိနေပြီး လျှပ်စစ်မီးပြတ်တောက်မှုများလည်း ရှိနေကြောင်း UNOCHA က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများသည် အနီးအနားရှိ သစ်တောများ သို့မဟုတ် ဘာသာရေးဆိုင်ရာနေရာများတွင် ခိုလှုံနေရပြီး ဒေသတွင်း အကူအညီပေးရေးအဖွဲ့အစည်းများက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာရသူများကို  အစားအသောက်နှင့် တခြားကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီထားကြရကြောင်းလည်း ဆိုသည်။

ထို့အပြင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း လက်ရှိတွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ကြိုတင်စုစည်းနေရာချထားပြီး၊ လုံခြုံရေးနှင့် သွားရေးလာရေးအခြေအနေများ တိုးတက်လာသည်နှင့်တပြိုင်နက်တည်း လျင်မြန်စွာ တုံ့ပြန်ကူညီနိုင်ရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။

ပုံစာ – တိုက်ပွဲကြောင့် လားရှိုးမြို့ မန်ဆူကျောင်းသို့ နေရပ်ရှောင်လာသူများအား မြင်တွေ့ရစဉ်(ဓာတ်ပုံ – Umbrellas Tgi)


LEAVE A REPLY

Please enter your comment!
Please enter your name here